မန်စီးတီးဂိုးသွင်းတာခံလိုက်ရလို့ စတုတ္ထဒိုင်လူကြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့စပါးတို့ပွဲကတော့ တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်အထိ ဖျော်ဖြေမှု အပြည့်အဝ ပေးစွမ်းသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ စပါးက မန်စီးတီးကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ပြိုင်ဆိုင်မှုကို ပြန်လည် အသက်ဝင်စေခဲ့ပါတယ်။



ပွဲကစားချိန် အစောပိုင်းမှာတည်းက ဆွန်ဟောင်မင်ရဲ့ ဖန်တီးမှုကတဆင့် ကူလူဆက်ဗ်စကီးက စပါးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဂွန်ဒိုဂန်က မန်စီးတီးအတွက် ချေပဂိုးပြန်သွင်းပေးခဲ့တာကြောင့် ပထမပိုင်းမှာ တဖက်တဂိုးစီသရေကျနေခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ဟာရီကိန်းက စပါးအတွက် နောက်ထပ်ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုတမိနစ်မှာ မာရက်ဇ်က ပင်နယ်တီကတဆင့် ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် တပွဲလုံး ဒရမ်မာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီပွဲက ဒီလောက်နဲ့ မပြီးသွားခဲ့ဘဲ နာကျင်အချိန်ပို (၅) မိနစ်မှာ ဟာရီကိန်းက ခေါင်းတိုက်ပြီး စပါးအတွက် အနိုင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ ဒီဂိုးသွင်းအပြီး နှစ်ဖက်နည်းပြနှစ်ယောက်ရဲ့ တုံ့ပြန်ပုံတွေကို ရုပ်သံတွေက မကြာခဏ ပြန်လည်ဖော်ပြခဲ့ပြီး ဂွါဒီယိုလာက စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်သွားချိန်မှာ စပါးနည်းပြ ကွန်တီကတော့ သူ့ရဲ့နည်းပြအဖွဲ့သားတွေနဲ့ အပြေးအလွှားအောင်ပွဲခံခဲ့ပါတယ်။

ထူးခြားတာတခုကတော့ ဂွါဒီယိုလာနဲ့ကွန်တီတို့အကြားမှာ မတ်တပ်ရပ်နေတဲ့ စတုတ္ထဒိုင်လူကြီး ခရိတ်ဂ်ပေါလ်ဆင်ကလည်း ဟာရီကိန်း အနိုင်ဂိုးသွင်းသွားချိန်မှာ စိတ်ပျက်လက်ပျက် မျက်နှာမျိုးဖြစ်နေခဲ့ပြီး မျက်စိလျင်တဲ့ပရိသတ်တွေကတော့ ဒါကို ချက်ချင်းဆိုသလို သတိထားမိခဲ့ပါတယ်။

ပရိသတ်တွေက “စတုတ္ထဒိုင်က ဘာကြောင့် ဒီလောက် စိတ်ပျက်လက်ပျက်ဖြစ်သွားရတာလဲဆိုတာ တယောက်ယောက် ရှင်းပြနိုင်မလား” “ဂွါဒီယိုလာရဲ့ လက်ထောက်ဖြစ်သွားတာကို ကြည့်ပါဦးကွာ။ အော် ခဏနေပါဦး။ ဒါက စတုတ္ထဒိုင်လူကြီးပဲကွ” လို့ တွစ်တာပေါ်မှာ အသီးသီး ဝေဖန်ရေးသားခဲ့ကြပါတယ်။ 

Share

က္က