မန်စီးတီးနဲ့ အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာက သူ့အနေနဲ့ ဒီနေ့ညမှာ ယူရိုချန်ပီယံဆုအတွက် ဘယ်ဆုဖလားနဲ့ လဲချင်လဲဆိုတဲ့ မေးခွန်းကို အကောင်းဆုံး တုံ့ပြန်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရိုဖိုင်နယ်အဖြစ် ဒီနေ့ညမှာ စပိန်နဲ့ ရင်ဆိုင်ရတော့မှာပါ။
အင်္ဂလန်အတွက်က ယူရိုဖိုင်နယ်ကို နှစ်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ယူရို - ၂၀၂၀ တုန်းကတော့ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ အခုတစ်ကြိမ် ဖိုင်နယ်မှာလည်း စပိန်ကသာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် သတ်မှတ်ခံထားရတာပါ။
ဝေါ်လ်ကာကတော့ “ကျနော် ဒီမနက်ပဲ ဟယ်ရီကိန်းကို ပြောနေသေးတာ။ ငါ မန်စီးတီးနဲ့အတူ ရခဲ့တဲ့ ဆုဖလားတွေကို ဘာနဲ့မှမလဲနိုင်ဘူး။ တစ်ခုချင်းစီကို တန်ဖိုးထားတယ်။ ဒါပေမယ့် အခြားသူတွေအတွက်ဆိုရင်တော့ ငါ ပျော်ပျော်ကြီး လဲပေးလိုက်မှာပါ”
“ဒီအတွက် မေးနေစရာ မလိုပါဘူး။ ကျနော် ဒီဆုဖလားတွေကို ချက်ချင်း ပေးလိုက်ပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို (၄) နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သလို သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးခဲ့ပြီးဖြစ်ပါတယ်။