လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့မှုအတွက် ညည်းတွားခဲ့ပြီး ခွင့်ပြုခဲ့ရတဲ့ ဂိုးအားလုံးဟား လုံးဝကို မလိုအပ်ဘဲ ပေးခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။
ကာရာဘောင်းဖလား လက်ရှိချန်ပီယံတွေဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ အစ်တီဟတ်ကွင်းမှာ မန်ချက်စတာစီးတီးအသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ဟာလန်း၊ မာရက်ဇ်၊ နေသန် အာကီတို့က ဂွါဒီယိုလာရဲ့အသင်းအတွက် အနိုင်ရရှိစေမယ့် ဂိုးတွေသွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က မန်ချက်စတာစီးတီးအသင်း ရရှိသွားတဲ့ သွင်းဂိုးတွေအားလုံးဟာ မပေးဘဲနေလို့ရနိုင်တဲ့ဂိုးတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ အချိန်တော်တော်ကြာ မကစားခဲ့တဲ့ ကစားကွက်နဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ တော်တော်များများကို အပြောင်းအလဲ လုပ်ခဲ့တယ်။ ခင်ဗျား အဲဒါကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ အသားကျအောင် လုပ်ဖို့ အချိန်လိုအပ်ပါတယ်။ ပထမဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့ တကယ်ပြဿနာ ရှိခဲ့ပြီး အဲဒါက ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ခံယူချက်ကို နည်းနည်း အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေအားလုံးက လုံးဝကို မလိုအပ်ဘဲ ပေးခဲ့ရတာပါ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အချိန်တွေရခဲ့ပြီး ဂိုးတွေလည်း ပိုသွင်းနိုင်ခဲ့ရမှာပါ"
"ဒီရလဒ်က အခု ကျွန်တော်တို့ လက်ခံရမယ့် ရလဒ်ပါ။ ၂ သင်းစလုံးဆီကနေ အရှိန်အဟုန်မြင့်မားတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အဲဒါကသာမန်ပါပဲ။ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကစားခဲ့ပေမယ့်လည်း စီးတီးကို ဒီည အနိုင်ယူဖို့ မလုံလောက်ခဲ့ဘူး။ ဒါက တစ်စုံတရာကို ပြောနေတာဖြစ်ပေမယ့် အကုန်လုံးတော့မဟုတ်ပါဘူး။ အဲဒီလိုပဲ ထင်ပါတ်ယ။ ကျွန်တော်တို့ တည်ဆောက်လို့ရနိုင်တဲ့အရာတွေအများကြီးရှိနေပြီး အဲဒါကို လာမယ့်ပွဲကို ယူဆောင်သွားနိုင်မှာပါ။ အဲဒါက ကျွန်တော်တို့ လုပ်မယ့်အရာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။