ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ်ပါကားက ဘရူနိုဖာနန်ဒက်စ်ရဲ့ ကစားပုံနဲ့ အပြုအမူတွေက အသင်းဖော်အချင်းချင်းတောင် နှစ်သက်စရာ မရှိဘူးလို့ ဝေဖန်လိုက်ပြီး သူ အသင်းကထွက်ရင်လည်း သူ့ကိုတကယ်ခေါ်ချင်တဲ့ အသင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ အက်စတွန်ဗီလာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူပေးရင်း အသင်းခေါင်းဆောင်အဖြစ် အသင်းကို အကောင်းဆုံး ဦးဆောင်မောင်းနှင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ အပြုအမူတွေအပေါ်မှာ ပေါလ်ပါကားက မနှစ်မြို့ဘဲ အခုလိုပဲ ဝေဖန်ပြောကြားလာခဲ့တာပါ။ ပေါလ်ပါကားက “ဘရူနိုဖာနန်ဒက်စ်က ကျနော့်အတွက် စိုးရိမ်စရာပါပဲ။ သူ ကစားတာကို ကြည့်လိုက်ရင် သူက ကွင်းထဲမှာ သူ့ကိုယ်သူ သစ္စာဖောက်နေသလိုပါပဲ။ သေချာပေါက်ပြောနိုင်တာ တခုက အသင်းဖော်တွေဟာ ဘရူနိုဖာနန်ဒက်စ် ကွင်းထဲမှာလုပ်နေတာတွေကို ကြိုက်မှာ မဟုတ်ပါဘူး”
“သူက လူတိုင်းရဲ့ အာရုံစိုက်မှုကို အရမ်းလိုချင်နေပြီး ဆိုးရွားတဲ့ ဖျက်ထုတ်မှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ ပြီးသွားရင် သူက ကျန်တဲ့လူတွေကို အကောင်းဆုံးနိုးထဖို့ လိုက်ပြောနေတာပါ။ သူ့ကို ဖျက်ထုတ်လာပြီဆိုရင်လည်း သူက လူးလှိမ့်ပြတော့တာပဲ”
“သူ့ရဲ့ခြေအိတ် ဒါမှမဟုတ် တခုခုကို ညွှန်ပြပြီး ဒဏ်ရာရသွားတယ်၊ ထိသွားတယ် လုပ်နေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကို ရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်း နောက်ကို ပိုမိုဆင်းကစားနေရပြီး သူ့ဆီက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို မြင်တွေ့ရဖို့လည်း ခက်ခဲနေပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ဆွေးနွေးဖို့အတွက် ရာသီကုန်အထိ ဆိုင်းငံ့ထားပါတယ်။ ဒီအပေါ်မှာလည်း ပေါလ်ပါကားက “မင်း ဘယ်သွားမလို့လဲ။ အခုချိန်မှာ သူ့ကို တကယ်လိုချင်တဲ့ အသင်းလည်း မရှိပါဘူး”
“ယူနိုက်တက်က သူ့ကို ဆွဲတင်ထားတဲ့ အသင်းဖြစ်ပြီး အခြားအသင်းတွေ သူ့ကိုမခေါ်ချင်ဘူးဆိုတာကို နားလည်ထားပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်ကို သစ္စာရှိသင့်ပြီး အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း သူက ယူနိုက်တက်မှာ မရှိသင့်တဲ့ ကစားသမားတယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။