မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ကာရာဘောင်းဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို ရည်ရွယ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ တနင်္ဂနွေနေ့က ဝင်ဘလေကွင်းမှာ နယူးကာဆယ်လ်ကို ၂-၀ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိခဲ့တာကြောင့် အိုးထရက်ဖို့ဒ်က ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ဆုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲတွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်အနေနဲ့ နောက်ထပ် ဆုဖလားတွေ ရရှိဖို့အတွက် ငွေကြေးပိုမို သုံးစွဲဖို့ လိုအပ်ကောင်းလိုအပ်နိုင်တယ်လို့ လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ "မန်ချက်စတာယူနိုက်တက်ကို ဂုဏ်ပြုပါတယ်။ အနှေးနဲ့အမြန် ဖလားရသင့်ပါတယ်။ ရသင့်နေပြီမလား။ ကြိုဆိုပါတယ်။ သူတို့တွေ နောက်ထပ် နည်းနည်း ပိုက်ဆံပိုသုံးစွဲမယ်ဆိုရင်တော့ နောက်ထပ်ဆုဖလားတွေအတွက် စိန်ခေါ်သူတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့တွေ ငွေကြေးမသုံးစွဲခဲ့ဘူးဘူးလေ။ ဟုတ်တယ်မလား"
"သူတို့တွေက သာမန်အားဖြင့် ရှိသင့်တဲ့နေရာမှာ ရှိနေတာပါ။ ကျွန်တော်တို့ရဲ့ ပထမဆုံး ကာရာဘောင်းဖလားရယူဖို့ ခရီးထွက်ခဲ့တဲ့အချိန်ကို သတိရတယ်။ အားလုံးက ဆုဖလားရယူဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့ကြတယ်။ ဝန်ထမ်းတွေအတွက်လည်း အဲဒါက အသစ်ပဲ။ ကစားသမားတွေအတွက်လည်း အသစ်ပဲ။ ကျွန်တော်တို့ ကာရာဘောင်းဖလားကို ၄ ကြိမ်ဆက်တိုက် ရယူဖို့ ခရီးထွက်ခဲ့တဲ့အချိန်ကျတော့ 'အင်း။ အဆင်ပြေပါတယ်။ နောက်ထပ်ဖလားတစ်လုံး။ နောက်ထပ် ရုံးခန်းထဲက နေ့တစ်နေ့'ပေါ့ဆိုသလိုမျိုး ဖြစ်ခဲ့ပါတယ်"
"မန်ချက်စတာယူနိုက်တက်က အဲဒီဖလားရတာက သာမန်ပါပဲ။ ကျွန်တော် ဒီကို ရောက်လာတဲ့အချိန်မှာ မန်ယူနိုက်တက်က သမိုင်းကြောင်းအတွက် အရာအားလုံးအတွက် အဲဒီနေရာမှာ အမြဲတမ်း ရှိခဲ့လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ အဲရစ်က မယုံနိုင်စရာ အလုပ်ကို လုပ်နေပါတယ်။ကစားသမားတွေကလည်း ဘယ်လောက်အထိ ပေးဆပ်နေလဲဆိုတာ ခင်ဗျား မြင်မှာပါ။ အောင်မြင်မှုရဖို့ ဘယ်လိုမျိုး အတူတူလုပ်ဆောင်နေလဲဆိုတာ ခင်ဗျား မြင်မှာပါ"လို့ ပြောကြားခဲ့ပါတယ်။