လီဗာပူးလ်နဲ့ ယူနိုက်တက်ကြားက ပြိုင်ဆိုင်မှုတွေကို သူ သိထားတယ်လို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် ဒေါမနစ်ဆိုဘော့စ်ဇလိုင်က မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့အတွက် သူ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ လိုက်ဇစ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်အားသန်ကစားသမားဟာ ရာသီကြိုပွဲတွေမှာ အသင်းအတွက် ခြေစွမ်းပြနေပြီး လီဗာပူးလ်တို့ ဂိုးတွေ အများကြီးရရှိခဲ့မှုမှာ ကြီးမားတဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ ပါဝင်နိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာအောင် ဆိုဘော့စ်ဇလိုင်က အထောက်အကူပေးနေခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၇ ဂိုးအထိ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် အားထားရမယ့် ကစားသမားလို့လည်း ပရိသတ်တွေက ရှုမြင်နေပြီဖြစ်ကာ သူ့ရဲ့ ခြေစွမ်းကို မကြာခင်မှာ တွေ့ရှိရတော့မှာလည်း ဖြစ်ပါတယ်။ 

"လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကြားက ပြိုင်ဆိုင်မှုတွေအကြောင်းကို ကျနော်သိပါတယ်၊ မန်စီးတီးရောပေါ့၊ ဒါကြောင့်လည်း ကျနော် လီဗာပူးလ်ကို ရောက်လာခဲ့တာပါ၊ ဒီပွဲတွေကို ကစားပြီးတော့ ဘယ်လိုမျိုး ခံစားရလဲဆိုတာကို ကျနော်မြင်ချင်တာပါ" လို့ ဆိုဘော့စ်ဇလိုင်က ပြောဆိုခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ခါးသီးတဲ့ ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ ရှိလာခဲ့တာပါ။ ဒီဘက်နှစ်တွေမှာတော့ မန်စီးတီးနဲ့ ဖလားလုဖက်တွေအဖြစ် ရှိလာခဲ့ပြီး မန်ချက်စတာအခြေစိုက် အသင်းကြီးနှစ်သင်းနဲ့ ပြိုင်ဆိုင်မှုက ပိုမိုကြီးမားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်က မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မဟာပြိုင်ဘက်ကြီးကို အရှက်တကွဲဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီကုန်ချိန်မှာ အဆင့် ၄ အတွင်း မဝင်နိုင်ခဲ့လို့ လာမယ့်ရာသီမှာ လီဗာပူးလ်က ယူရိုပါလိဂ်သာ ဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က