ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းက မန်ချက်စတာယူနိုက်တက်ကို လီဗာပူးလ်အသင်းက အနိင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အန်ဒီ ရောဘတ်ဆန် ပြုလုပ်ခဲ့တဲ့ အပြုအမူအတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တန်ဟက်လက်အောက်မှာ အသက်ပြန်ဝင်လာတဲ့ မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တာဖြစ်ပါတယ်။ အများစု ပြောဆိုနေမှုတွေက မန်ချက်စတာယူနိုက်တက်ရဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့မှုအကြောင်း ဖြစ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းကတော့ အန်ဒီ ရောဘတ်ဆန်ရဲ့ အချိန်ဖြုန်းတီးတဲ့ အပြုအမူကို ပြစ်တင်ကြိမ်းမောင်းခဲ့တာြဖ်စပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကိသ် ဟက်ကက်က Football Insider ကို စကားပြောရာမှာ လီဗာပူးလ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွင်းမှာ ဦးခေါင်း ဒဏ်ရာရရှိချင်ဟန်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Sky Sports က တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရောဘတ်ဆန်ဟာ ဖျက်ထုတ်မှုကြောင့် ခန္ဓာကိုယ်မှာသာ ထိခိုက်မှုရှိခဲ့ပေမယ့်လည်း ဦးခေါင်းကို ကိုင်ထားပြီး ဒဏ်ရာရဟန်ဆောင်ခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဟက်ကက်က စကော့တလန် နောက်ခံလူရဲ့ အပြုအမူကို ကိုးကားပြီး ပရီးမီးယားလိဂ်ကို လိမ်လည်လှည့်ဖြားမှုတွေကို ကိုင်တွယ်ဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ "အဲဒါက ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေတယ်။ အဲဒါက ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်ကို ထိခိုက်ပျက်စီးစေတယ်။ ဒါက လိမ်လည်မှုပဲ။ အဲဒီအတွက် တခြားဘာစကားလုံးမှ မရှိပါဘူး။ ဒီကိစ္စအတွက် အဖြေက နည်းပြတွေအားလုံးအတူတူ ရှာရမယ်လို့ ထင်ပါတယ်။ သူတို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ ဝိုင်းစဉ်းစားရပါမယ်"
"ဦးခေါင်းဒဏ်ရာရဟန်ဆောင်တဲ့အန္တရာယ်က တကယ်ဖြစ်တဲ့အချိန်ကျရင် အခုအချိန်မှာ ရနေတဲ့ ဆေးဝန်ထမ်းတွေရဲ့ အာရုံစိုက်မှုကို မရနိုင်တော့တာပဲ။ သူတို့တွေ ဘယ်လိုအန္တရာယ်မှမရှိအောင် ကွင်းထဲကနေ ထုတ်ရမယ်။ ဦးခေါင်းဒဏ်ရာရရင် ကျွန်တော်တို့ သေချာဂရုစိုက်ပေးရမယ်။ ဆရာဝန်တွေကလည်း ပွဲဆက်ကစားနေချိန်မှာ ဒီကစားသမားတွေကို အကဲဖြတ်ပေးသင့်တယ်။ ဒါက အပြင်းအထန် ထိခိုက်မှုတွေ ဖြစ်လာနိုင်တဲ့နေရာပါ။ ဒီလိုကစားသမားတွေက ဦးခေါင်းဒဏ်ရာရတာ သေချာရင် ကွင်းအပြင်ဘက်မှာ ကုသမှုခံယူသင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။