စကော့လူမျိုးနည်းပြကြီးရဲ့ ကျေးဇူးတရားကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ အသက် ၁၈ နှစ်အရွယ်မှာ ၎င်းကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့တဲ့ စကော့လူမျိုးနည်းပြကြီးရဲ့ ကျေးဇူးတရားကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ ပထမဆုံးအကြိမ် မန်ချကစ်တာယူနိုက်တက်အသင်းကို စပို့တင်း လစ္စဘွန်းကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တူဂီတောင်ပံကစားသမားဟာ နည်းပြ ဖာဂူဆန်လက်အောက်မှာ တသက်တာအကောင်းဆုံးကစားသမားဖြစ်လာမယ့် ခရီးလမ်းကို စတင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ၎င်းရဲ့ အောင်မြင်မှုတွေအတွက် နည်းပြဟောင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စကော့တလန်လူမျိုးနည်းပြကြီးဟာ အလွန်တော်တဲ့ ဆရာတစ်ဦးဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုက LiveScore နဲ့ အင်တာဗျူးမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို ပြောကြားခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဖာဂူဆန်လက်အောက်က အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။


"ဘော့စ်က သူက ခေါင်းဆောင်ဖြစ်ခဲ့တယ်။ ကစားသမားတိုင်းက သူ့ရဲ့ အကြံဉာဏ်၊ သူ့ရဲ့ နည်းဗျူဟာ၊ သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့ရတယ်။ ကျွန်တော့်အတွက်တော့ အကြိမ်ပေါင်းများစွာ ပြောခဲ့တဲ့အတိုင်းပဲ သူက မန်ချက်စတာကို အသက် ၁၈ နှစ်အရွယ်နဲ့ ရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကို နေရာမှန်ကို ပို့ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဘောလုံးဖခင်တွေထဲက တစ်ဦးပါ။ သူက ဒီနေ့ ကျွန်တော်ဖြစ်နေစေမယ့် အရာအများအပြားကို သင်ကြားပေးခဲ့တယ်။ ကျွန်တော့်အောင်မြင်မှုတွေက သူနဲ့လည်း နည်းနည်းဆိုင်ပါတယ်။ အဲဒါကြောင့် သူ ကျွန်တော့်ကို လုပ်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က