အာဆင်နယ်အသင်းဟာ ယခုရာသီမှာ အားလုံးကို အထင်ကြီးစေခဲ့ပြီး ရာသီမတိုင်ခင် မျှော်မှန်းထားမှုတွေကို ဆန့်ကျင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ အောင်မြင်မှုကို ပိုပြီးတော့ ထူးခြားစေတာက အခြားယှဉ်ပြိုင်သူတွေနဲ့ ပြင်းထန်တဲ့ပြိုင်ဘက်တွေအားလုံးထက် အများကြီး ပိုမိုသေးငယ်တဲ့ လစာပေးချေမှုပမာဏနဲ့ အခုလို စွမ်းဆောင်ပြနေတာ ဖြစ်ပါတယ်။
Daily Mirror ရဲ့ သတင်းသစ်အရ မြောက်လန်ဒန်ကလပ်အသင်းရဲ့ လစာပေးချေမှုပမာဏဟာ စုစုပေါင်းပေါင် ၉၈ သန်းသာ ရှိသေးတယ်လို့ သိရပြီး လစာပေးချေမှုပမာဏ ပေါင် ၂၁၂၀၉၀၀၀၀ နဲ့ ပေါင် ၂၁၁၈၇၅၀၀၀ အသီးသီး ကုန်ကျနေတဲ့ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့ ၂ သင်းစလုံးထက် ထက်ဝက်ကျော် လျော့နည်းနေတာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဂန်းနားတွေဟာ ယခုရာသီ လစာငွေကြေးသုံးစွဲမှုမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပေါင်သန်း ၁၁၀ ကျော် ကုန်ကျနေတဲ့ တော့တင်ဟမ်ဟော့စပါးထက် တစ်ဆင့်ပိုမိုလျော့နည်းတဲ့နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းကတော့ ပေါင် ၁၈၂.၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းကတော့ ပေါင် ၁၅၈.၈ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်သာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားရရှိသွားမယ်ဆိုရင် ကြယ်ပွင့်ကစားသမားတွေက ပိုမိုကောင်းမွန်တဲ့ လစာတိုးတောင်းမှာဖြစ်တာကြောင့် လစာပေးချေမှု ပမာဏက မြင့်တက်လာနိုင်တယ်လို့ ယူဆကြမှာဖြစ်ပေမယ့်လည်း ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ နှိုင်းယှဉ်ရင် လစာပမာဏနည်းနည်းလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတဲ့ အသင်း ၂ သင်းလည်း ဥပမာအဖြစ် ရှိနေပါတယ်။
ဘရန့်တ်ဖို့ဒ်အသင်းရဲ့ လစာပေးချေမှုပမာဏဟာ ပေါင် ၃၀.၁ သန်းသာ ရှိတာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်မှာ အနည်းပါးဆုံးဖြစ်ပြီး ဘရိုက်တန်ကလည်း ပေါင် ၃၅.၇ သန်းနဲ့ ဒုတိယလစာပေးချေမှုအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
ထူးခြားတာက ဘရိုက်တန်ရော ဘရန့်တ်ဖို့ဒ်ပါ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းထဲမှာ ရပ်တည်နေပြီး ငွေသုံးနိုင်တိုင်းလည်း အောင်မြင်မှု ရရှိနိုင်တာမဟုတ်ဘူးဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ လစာပေးချေမှုပမာဏ ပေါင်သန်း ၅၀ ရှိပြီး အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်က ဘရန့်တ်ဖို့ဒ်ထက် ပေါင်သန်း ၂၀ ကျော် ပိုမို သုံးစွဲထားတာဖြစ်ပါတယ်။
တန်းဆင်းအန္တရာယ်ရှိနေတဲ့ အဲဗာတန်အသင်းက ပေါင် ၈၀.၇ သန်းအထိ သုံးစွဲထားပြီး ဝက်စ်ဟမ်းအသင်းလည်း ပေါင်သန်း ၈၀ ကျော်သုံးစွဲထားတာဖြစ်ပါတယ်။ အားလုံးထင်ထားတဲ့အတိုင်းပဲ နော်တင်ဟမ် ဖောရက်စ်ဟာ တန်းတက်အသင်း ၃ သင်းထဲမှာ လစာပေးချေမှုပမာဏ အကြီးမားဆုံးဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တွေကြောင့် ပေါင် ၆၇.၅ သန်းအထိ သုံးစွဲနေရတာဖြစ်ပြီး ဖူလ်ဟမ်ထက် ပေါင် ၁၁ သန်းကျော် ပိုမိုများပြားနေတာဖြစ်ပါတယ်။
Share