ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကတော့ မနေ့ညက ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်ကလည်း တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ဖို့လည်း ပိုမိုအခြေအနေကောင်းနေခဲ့ပါပြီ။
ဆန်ချိုဟာ ပီအက်စ်ဂျီနဲ့ ပွဲ ပထမပိုင်း မိနစ် (၃၀) အတွင်းမှာတင် ဘောလုံးဆွဲပြေးမှု (၇) ကြိမ်အထိ ရှိခဲ့ပြီး ဒါက ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာတုန်းကတောင် တစ်ပွဲတည်းမှာ ဒါမျိုး မလုပ်ပြနိုင်ခဲ့ပါဘူး။
ဆန်ချိုရဲ့ခြေစွမ်းကို ဒေါ့မွန်ရဲ့ တရားဝင် ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ချီးကျူးခဲ့ရသလို ဒေါ့မွန်နဲ့ ပီအက်စ်ဂျီပွဲကို ရုပ်သံစီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့တဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဖာဒီနန်ကလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ ပရိသတ်တွကလည်း ဆန်ချိုရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ချီးကျူးနေကြတာပါ။
ပရိသတ်တစ်ယောက်က “ဆန်ချိုက ဒေါ့မွန်အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အကောင်းဆုံး အစွမ်းပြခဲ့ပါတယ်။ ငါတို့ ယူနိုက်တက်ကပဲ ပြဿနာဖြစ်နေနိုင်ပါတယ်” “ဆန်ချိုက ဒီရာသီမှာ တောင်ပံကစားသမားအားလုံးထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသထားပါတယ်”
“ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာ အုပ်စုနောက်ဆုံးရတဲ့နှစ်မှာပဲ ဆန်ချိုက ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ဖို့ လုပ်နေပါပြီ” “တန်ဟက်ခ်က အိမ်မှာထိုင်နေချိန် ဆန်ချိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အစွမ်းပြနေပါပြီ” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။