မန်စီးတီးနည်းပြ ဂွါဒီယိုလာက လက်ရှိရာသီအစောပိုင်းမှာ အခြေအနေဆိုးနေတဲ့ ယူနိုက်တက်တို့ မကြာခင်မှာ ပုံစံကောင်းပြန်ရလာမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ကွင်းတွင်းရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတာပါ။
မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် (၅) ပွဲ ကစားပြီးချိန်မှာ (၂) ပွဲနိုင်၊ (၃) ပွဲရှုံးရလဒ်နဲ့ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာလည်း အာဆင်နယ်၊ ဘရိုက်တန်တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေအောက်မှာ ကျရောက်နေပါတယ်။
မန်စီးတီးနဲ့ ရက်စတားဘဲလ်ဂရိတ်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်ခင်မှာ သတင်းထောက်တွေက ဂွါဒီယိုလာက ယူနိုက်တက်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။ ဒီအချိန်မှာ ဂွါဒီယိုလာက “ခင်ဗျားတို့ အာဆင်နယ် ဘယ်လောက်သန်မာလဲ သိကြလား။ သူတို့က အဲဗာတန်အိမ်ကွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်”
“လီဗာပူးလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဒါမျိုး ဆက်သွားနေမှာပါ။ ဟုတ်ပါပြီ။ ယူနိုက်တက်ကလည်း ချဲလ်ဆီးလိုပါပဲ။ သူတို့က မျှော်လင့်ထားတဲ့အတိုင်း ရာသီသစ်ကို မစတင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အမြဲတမ်းလိုလိုပါပဲ။ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် ရစ်သမ်ပြန်မိသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ဒီရာသီ ပရီးမီးယားလိဂ် (၅) ပွဲ ကစားပြီးချိန်မှာ (၅) ပွဲအနိုင်ဆိုတဲ့ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားအပါအဝင် အဓိကဆုဖလား (၃) လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။