အာဆင်နယ်နဲ့နှိုင်းပြီး ကာရေဂါက နောက်ပြောင်သွားတာပါ။

ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရရှိတဲ့ အာဆင်နယ်ကမှ ယူနိုက်တက်ထက်စာရင် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခြေ ပိုမိုများပြားတယ်လို့ အံ့အားသင့်ဖွယ် ပြောကြားလာခဲ့ပါတယ်။



 

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၁) ပွဲသာအနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလားမှာလည်း မစ်ဒယ်ဘရော့ကိုရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အဖြစ် အက်သလက်တီကိုနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

 

ဒီလိုအချိန်မျိုးမှာတော့ ကာရေဂါက ယူနိုက်တက်ပရိသတ်တွေကို မခံချိမခံသာဖြစ်အောင် ဟာသလုပ်နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်ဖရင့်လိဂ် သုံးခုလုံးမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရရှိတဲ့ အသင်းတသင်းပါ။

 

အွန်နရီ၊ အဲလက်စ်စကော့တ်တို့နဲ့အတူ ပြုလုပ်ခဲ့တဲ့ ရုပ်သံဆွေးနွေးခန်းမှာ ကာရေဂါက “အာဆင်နယ်က ယူနိုက်တက်ထက်စာရင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ပိုပြီးအခွင့်အရေးရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့အတွင်းမှာပဲ ယူနိုက်တက် နောက်ခံလူ လုခ်ရှောက အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားရဖို့ ယုံကြည်နေတယ်လို့ ပြောဆိုထားပါသေးတယ်။

 

ဒါ့အပြင် ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်ကလည်း ယူနိုက်တက်ဆီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ အခွင့်အရေးရှိတယ်လို့ ပြောကြားခဲ့ပြီး ဒီအပေါ်မှာလည်း ကာရေဂါက မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်နဲ့အတူ ရှမိုက်ကယ်ကို နောက်ပြောင်ခဲ့ပါသေးတယ်။

 

မီကာရစ်ချက်က “ရှမိုက်ကယ်ရေ... ခင်ဗျားက ယူနိုက်တက် ချန်ပီယံလိဂ်ဖလားရမယ်လို့ တကယ်ကြီးယုံကြည်နေတာလား? ကျနော့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ လာမနောက်နဲ့နော်” လို့ ရယ်ရယ်မောမောနဲ့ ပြောကြားခဲ့ပါတယ်။ ရှမိုက်ကယ်ကတော့ ခေတ္တခဏ ငြိမ်သက်သွားခဲ့ပြီး “ဟုတ်တယ်လေ။ ဒါ ဘယ်လိုမေးခွန်းမျိုးလဲ” လို့ မေးခွန်းပြန်ထုတ်ခဲ့ရာမှာတော့ ကာရေဂါကလည်း “ခင်ဗျားအဖြေကရော ဘာကြီးလဲဗျာ” လို့ တုံ့ပြန် လှောင်ပြောင်သွားခဲ့ကြတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က