အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် မာဆေးလ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကတော့ အသင်းသစ်နဲ့အတူ ကွင်းထဲဝင်မကစားခင်မှာပဲ ဒဏ်ရာရဖို့နီးစပ်ခဲ့ပါတယ်။ မာဆေးလ်က သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်က ပြင်သစ်ကိုရောက်ရှိချိန်မှာ မာဆေးလ်ပရိသတ် ရာနဲ့ချီပြီးတော့ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
ကျောနံပါတ် ၇၀ နဲ့ မာဆေးလ်အသင်းဂျာစီကို ဝတ်ဆင်ထားတဲ့ ဆန်းချက်ဇ်ဟာ ပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် ပြေးလွှားလာခဲ့ရာမှာ ခြေချော်ပြီးတော့ လဲကျမလိုဖြစ်ခဲ့ရပြီး လုံခြုံရေးဝန်ထမ်းတွေက သူ့ကို ဝိုင်းထိန်းပေးခဲ့ရပါတယ်။ ပရိသတ်တွေရှေ့မှာ ဆန်းချက်ဇ်က ပြေးလွှားပြီး လက်ဝါးချင်းရိုက်ဖို့အတွက် လုပ်ဆောင်ခဲ့ရာမှာ ခြေချော်ခဲ့တာပါ။
ခြေကျင်းဝတ်လည်သွားတယ်လို့ သိရပြီး ကြီးကြီးမားမားဒဏ်ရာရတာမျိုးမဖြစ်ခဲ့တာတော့ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာစီလိုနာ၊ အာဆင်နယ်တို့မှာ ခြေစွမ်းပြကစားခဲ့တဲ့ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ကို လုပ်ခလစာအများဆုံးရကစားသမားအဖြစ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီး အင်တာမီလန်ကို အငှားပြောင်းကာ အဲဒီကတဆင့် အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။
အင်တာနဲ့အတူ စီးရီးအေဖလားရယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ နှစ်ဖက်သဘောတူညီမှုနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ အာဆင်နယ်မှာ ခြေစွမ်းအပြနိုင်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရှိနေခဲ့ပြီး ၂၀၁၈ ဇန်နဝါရီမှာ မီခီတာရန်နဲ့ အလဲအလှယ်လုပ်ခဲ့ကာ အာဆင်နယ်က ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး အဆိုးဝါးဆုံးအချိန်တွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။
ကစားသမားဘ၀နှောင်းပိုင်းမှာ ဒဏ်ရာပြသနာတွေကြောင့်လည်း ဆန်းချက်ဇ်က ရုန်းကန်ခဲ့ရပြီး အင်တာမီလန်မှာလည်း ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။