မာစီရယ်လ်ရုန်းကန်နေရတာနဲ့ပတ်သက်လို့ ရှရင်ဂမ်က ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း တက်ဒီရှရင်ဂမ်က အသင်းရဲ့တိုက်စစ်မှူး မာစီရယ်လ်အနေနဲ့ ဆိုးလ်ရှားရဲ့ အခုထက်ပိုမိုထောက်ခံမှုနဲ့ ချစ်ခင်မှုတွေကို လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

အသက် (၂၅) နှစ်အရွယ် မာစီရယ်လ်ဟာ ထွန်းတောက်လာမယ့် ဥရောပကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ယူနိုက်တက်မှာ ပုံစံကောင်းတွေပျောက်ဆုံးသွားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက်တောင် ရုန်းကန်နေရပြီလည်းဖြစ်ပါတယ်။

မာစီရယ်လ်အနေနဲ့ ဖိအားတွေအောက် သိသိသာသာ ကျရောက်နေတာကြောင့် ရိုးမားမှာ အေဘရာဟမ်ခြေစွမ်းပြနေတာကို ဥပမာပေးပြီး ရှရင်ဂမ်က ဝေဖန်ပြောကြားလာခဲ့တာပါ။ ရှရင်ဂမ်က “မာစီရယ်လ်ရဲ့ဖြစ်ရပ်က ဟာရီကိန်း၊ အေဘရာဟမ်တို့လို ဗဟိုတိုက်စစ်မှူးတွေရဲ့အဖြစ်နဲ့အတူတူပါပဲ”

“တကယ်လို့ ခင်ဗျားက ချစ်ခင်လေးစားမှုတွေမရဘူး၊ ကာရာဘောင်ဖလားမှာပဲ အခွင့်အရေးရမယ်၊ ပရီးမီးယားလိဂ်လိုပွဲတွေမှာ ဝင်ကစားခွင့်မရဘူးဆိုရင် ဒီကိစ္စက ခင်ဗျားအပေါ် ဖိအားဖြစ်လာမှာပါ။ အေဘရာဟမ်က ရိုးမားကိုပြောင်းသွားပြီး မော်ရင်ဟိုက သူ့ကို အခွင့်အရေးတွေလွဲရင်တောင် ပွဲထွက်ကစားသမားစာရင်းက မဖယ်ထားဘူးလို့ ပြောထားပါတယ်”

“ဒါက ခင်ဗျားရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ဘောလုံးသမားတွေအတွက်က စိတ်သက်သာရာရဖို့လိုအပ်ပြီး ဂိုးရှေ့မှာ သွေးအေးအေးနဲ့ အခွင့်အရေးတွေကို အဖိတ်အစင်မရှိ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ နည်းပြက ကိုယ့်ကို ချစ်ခင်တယ်ဆိုရင် ဒီလိုခံစားချက်မျိုးကိုရပါပြီ”


“မာစီရယ်လ်က အခုလို အဲ့ဒီလို အခိုက်အတန့်မျိုးမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရှေ့မှာ အခြားကစားသမားတွေရှိနေပြီး အခွင့်အရေးပေးမှသာ ရအောင်ယူနိုင်မယ့် အနေအထားကို ရောက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မာစီရယ်လ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်အဖြစ် ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲက ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေခံနေရပြီး နောက်ထပ် အခွင့်အရေးရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဆန်ချို၊ ဂရင်းဝုဒ်တို့ရှိနေတာကြောင့်လည်း မာစီရယ်လ်အတွက်ကတော့ နောက်ပိုင်းမှာ အရံခုံထိုင်ခွင့်ရဖို့အတွက်တောင် ပိုမိုခက်ခဲလာဖွယ်ရှိပါတယ်။ 

Share

က္က