အစားအသောက်တွေရဲ့ ဈေးနှုန်းကအနည်းဆုံး (၂၀၀၀)ကျပ်ကနေ အများဆုံး (၃၅၀၀) ကျပ်ခန့်ထိရှိပါတယ်။

ဆိုင်နာမည်က လမ်းဘေးဆိုတဲ့အတိုင်း လမ်းဘေးလေးမှာ ဖွင့်လှစ်ထားပေမယ့် မီးရောင်စုံလေးနဲ့ သစ်သားခုံလေးတွေ သပ်သပ်ရပ်ရပ်ချပေးထားတာက ဒီဆိုင်လေးရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ ဖွင့်လှစ်ထားတာ သိပ်မကြာသေးပေမယ့်လည်း ချစ်စရာကောင်းတဲ့ဆိုင်အပြင်အဆင်၊ တမူထူးတဲ့ လက်ရာလေးတွေကြောင့် နာမည်ရနေတဲ့ လမ်းဘေးဆိုင်လေးဖြစ်ပါတယ်။



Master Chef ပြိုင်ပွဲဝင် ကိုနေအောင် ဖွင့်လှစ်ထားတဲ့ " လမ်းဘေး"

ဒီဆိုင်လေးကို ၂၀၁၉ ခုနှစ်က Master Chef ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးသူ ကိုနေအောင်ကိုယ်တိုင် ဖွင့်လှစ်ထားတာပါ။ (၂၀၂၁) ခုနှစ် နှစ်လပိုင်းလောက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်က အစားအသောက်ချစ်သူတွေကို တမူထူးခြားတဲ့အရသာတွေ ပေးစွမ်းစေလိုတဲ့ စိတ်ကူးနဲ့ ဒီလမ်းဘေးဆိုင်လေးကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

“ အစ်မတို့ ဆိုင်ဖွင့်ခဲ့တဲ့ ခုနှစ်က ၂၀၂၁ ခုနှစ် (၆) လပိုင်းကပါ။ မောင်လေးက Master Chef ကဆိုတော့ သူက အစားအသောက်ပိုင်းတွေမှာစိတ်ဝင်စားတယ်။ အဲဒါကြောင့်မို့ ရန်ကုန်မှာမရနိုင်တဲ့အစားအစာ ဘာတွေရှိမလဲပေါ့ စဉ်းစားမိရင်း ရွှေဘိုနဲ့ မန္တလေးမှာ ရနိုင်တဲ့အစားအစာလေးတွေနဲ့ စခဲ့တယ်။ အရသာကိုလည်း မတူတဲ့အရသာ ကိုပေးချင်တာကြောင့် ဒီဆိုင်လေးကို ဖွင့်ခဲ့တာလို့” ကိုနေအောင်ရဲ့ အစ်မဖြစ်သူ မနီလာဝင်းက ဆိုပါတယ်။

ရွှေဘိုအစားအစာ အဓိကရတဲ့ "လမ်းဘေး"ဆိုင်

စားသုံးသူတွေကို ဒီမှာမရနိုင်တဲ့အစားအသောက်အရသာကို ပေးချင်တာကြောင့် အစားအစာတွေကို အညာဘက်မှာ ရနိုင်တဲ့အစားအသောက်တွေကို အဓိကထားရောင်းချနေတာဖြစ်ပါတယ်။ အညာစတိုင် အတိုင်း အသုပ်တွေကို ချဉ်ငံစပ် အရသာစူးစူးလေးဖြစ်အောင် သုပ်ထားပြီး အညာအသုပ်တွေမှာသုံးတဲ့ ပဲမှုန့်၊ ဆီချက်နဲ့ ငရုတ်သီးထောင်းရယ်ကိုပဲ အဓိကထားအသုံးပြုတယ်လို့ ဆိုပါတယ်။  

“ အညာလက်ရာဖြစ်အောင် ဘယ်လိုသုပ်လဲ ဆိုရင် ချဉ်ငံစပ်ကို အရသာစူးစူးလေးနဲ့ ပါးစပ်ထဲစွဲသွားတဲ့ပုံစံမျိုး ပေါ့။ စားလိုက်ရင်လည်း စေးစေးလေးဖြစ်နေတာ၊ အစ်မတို့ အညာဒေသအသုပ်လက်ရာတွေရဲ့ထူးခြားချက်က ဆီချက်နဲ့ ငရုတ်သီးထောင်းရယ် ပဲမှုန့်ရယ် အဓိကပဲ။ ဟင်းချိုမှုန့်လုံးဝမသုံးဘူး။ ပုဇွန်ငံပြာရည်ပဲ သုံးတာ။ ’’ လို့ ကိုနေအောင်ရဲ့ အစ်မဖြစ်သူ မနီလာဝင်းကဆိုပါတယ်။

ဒီဆိုင်မှာရနိုင်တဲ့အညာအစားအစာတွေက

နန်းတွင်းမုန့်တီသုပ်၊ ရွှေဘို သင်္ဘောလက်သုပ်၊ ရွှေဘို တို့ဟူးသုပ်တို့အပြင် ထမင်းသုပ်ထဲမှာဆို ရွှေဘိုပဲပုပ်ထမင်းသုပ်၊ ရွှေဘိုခရမ်းချဉ်သီးငါးပိချက်ထမင်းသုပ် တို့ ရနိုင်ပြီး အညာလက်ရာစစ်စစ်ဖြစ်တဲ့အတွက် စားသုံးသူတွေရဲ့ အားပေးမှုတွေ ရခဲ့တယ်လို့ဆိုပါတယ်။

“ နန်းတွင်းမုန့်တီသုပ်ဆို အစ်မတို့ဆီမှာ အရမ်းအရောင်းရဆုံးပဲ။ ပါဆယ်တွေလည်း အရမ်းမှာကြတယ်။ ဒါ့အပြင် ကွတ်တီယို ၊ ကော်ရည်ခေါက်ဆွဲ ၊ နောက်ပြီး အညာဂျင်းမွှေးကြက်ကြော်ထမင်းဆီးဆမ်းတို့လည်း ရပါတယ်။ အထောင်းထဲမှာဆို သင်္ဘောသီးထောင်း၊ မားမားထောင် း၊အပ်မှိုထောင်း အစုံရတယ်။ နောက်တစ်ခု ဒီဆိုင်မှာ ရောင်းရတာ အားလူးဒိုးနတ်ပေါ့။ မီနူးအသစ်လေးလုပ်ထားတာ။ အာလူးကို အကွင်းလေးတွေလုပ်ပြီး ဒိုးနတ်ပုံစံလုပ်ထားတာ ။ အဲဒါလေးတွေ အရမ်းအစားများကြပါတယ်” လို့ ဆိုပါတယ်။

သန့်ရှင်းသပ်ရပ်တဲ့ဆိုင်အပြင်အဆင်

ဆိုင်နေရာလေးက လမ်းဘေးဆိုင်လေးဆိုပေမယ့် အစားအစာတွေကို သန့်သန့်ရှင်းရှင်းထားတဲ့အပြင် အသုပ်သုပ်တဲ့အခါမှာလည်း လက်အိတ်၊ Mask စတာတွေ အသုံးပြုထားပြီး ဆိုင်အပြင်အဆင်လေးကို ချစ်စဖွယ်ကောင်းအောင်ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။

“ နေရာကကျဉ်းပေမယ့် သပ်သပ်ရပ်ရပ်လေးဖြစ်အောင်လုပ်ထားတယ်။ အစ်မတို့က နေရာအခြေအနေပေါ်မူတည်ပြီး ပစ္စည်းကိုတော့ ချိန်ဆပြီးလုပ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်ကတော့ မောင်လေး နေအောင်ရဲ့ စိတ်ကူးပါ” လို့ ဆိုပါတယ်။

အစားအသောက်တွေရဲ့ ဈေးနှုန်းနဲ့ ရောင်းအား

အစားအသောက်တွေရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး (၂၀၀၀)ကျပ်ကနေ အများဆုံး (၃၅၀၀) ကျပ်ခန့်ထိရှိပါတယ်။ စစရောင်းချင်းတုန်းကတော့ တစ်နေ့ကို (၃) သိန်းဖိုးလောက်ရောင်းရပြီး ဒီရက်ပိုင်းတော့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အရောင်းပါးတယ်လို့ဆိုပါတယ်။

လမ်းဘေးဆိုင်လေး မြည်းစမ်းချင်သူတွေအတွက်

ဒီဆိုင်လေးက လှိုင်မြို့နယ် (၁၆) ရပ်ကွက်၊ မာလာမြိုင် (၆)လမ်း၊ ဘုရားလမ်းမှတ်တိုင်အနီးမှာဖြစ်ပြီး နေ့လယ် (၂) နာရီကနေ ည (၈) နာရီအထိဖွင့်လှစ်ထားပါတယ်။ အနီးအနားက မြို့နယ်တွေကတော့ Food Panda ကတစ်ဆင့် အော်ဒါမှာယူနိုင်ပြီး ညနေဘက်အေးအေးဆေးဆေးထိုင်ပြီး စားချင်တဲ့သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်နော်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က