CES 2020 မှာ Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းရောင်းအား ပမာဏ ထုတ်ပြန်ခဲ့ပြီးနောက် Huawei ကလည်း Mate X ခေါက်ဖုန်းရဲ့ ရောင်းအားကို ကြေညာလိုက်ပါတယ်။
Huawei ဟာ ခေါက်သိမ်းနိုင် စမတ်ဖုန်း Mate X ကို တရုတ်ဈေးကွက်မှာ ရောင်းချနေတာ ဖြစ်ပြီး နှစ်လအတွင်း အလုံးရေ ၂ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei Mate X ဟာ ဒေါ်လာ ၁၉၈၀ တန် Galaxy Fold ထက် ဈေးပိုကြီးပြီး ယွမ် ၁၇၀၀၀ (ဒေါ်လာ ၂၄၀၀) ဈေးနဲ့ ကြေညာခဲ့တာပါ။ Galaxy Fold ဟာ အမေရိကန် ၊ ယူကေ ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အိန္ဒိယ ၊ တောင်ကိုရီးယား နဲ့ EU နိုင်ငံတစ်ချို့မှာ ရောင်းချထားပြီး စုစုပေါင်း ၄ သိန်း နဲ့ ၅ သိန်းအကြား ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။
Photo: techspot
Huawei အနေနဲ့ တစ်လကို Mate X အလုံးရေ ၁ သိန်းခန့် ရောင်းချဖြစ်တယ်ဆိုပေမယ့် တရုတ်ပြင်ပဈေးကွက်ထဲ မဖြန့်ရသေးတဲ့ အချက်ကို ထည့်သွင်းစဉ်းစားကြည့်ရင် တာထွက်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ Samsung နဲ့ မတူတာက Huawei ဟာ Android နဲ့ Google services ဗားရှင်းသစ်တွေအတွက် လိုင်စင်မရတော့တာပါပဲ။ ပြီးခဲ့တဲ့နှစ်က စလို့ Samsung နဲ့ Huawei ဟာ foldable ဖုန်းဈေးကွက်ထဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ ကုမ္ပဏီနှစ်ခုအဖြစ် ရှိခဲ့ပါတယ်။
၂၀၁၉ CES ပွဲမှာ Foldable နမူနာထုတ်ကုန်တွေ အများအပြား ထုတ်ဖော်မိတ်ဆက်ပြသခဲ့ပေမယ့် Samsung ကတော့ Galaxy Fold ကို ဖြန့်ချိပြီး ပြိုင်ဘက်တွေကို ကျော်တက်ခဲ့ပါတယ်။ Galaxy Fold အနေနဲ့ ဈေးကွက်မှာ ပထမဆုံးဖြန့်ချိခဲ့တဲ့ ထုတ်ကုန်ဖြစ်သလို display ပြဿနာအမှားအယွင်းတွေကြောင့် ဈေးကွက်ထဲ ဖြန့်ချိဖို့ မှန်းထားတဲ့ကာလထက် အများကြီး နောက်ကျခဲ့ပါတယ်။
MWC 2019 မှာ မိတ်ဆက်ခဲ့တဲ့ Huawei Mate X ဟာ ၂၀၁၉ ဇူလိုင်လထဲမှာ ဈေးကွက်ထဲ တင်ပို့ဖို့ အစောပိုင်းက သတ်မှတ်ခဲ့ပေမယ့် ဖုန်းရဲ့ Foldable screen အရည်အသွေးပိုင်း တိုးတက်စေဖို့ Mate X ဖြန့်မယ့်ရက်ကို စက်တင်ဘာလကို ရွှေ့ဆိုင်းခဲ့တာပါ။ လောလောဆယ် Huawei Mate X ကို တရုတ်ပြင်ပမှာ ရောင်းချမယ့်ရက် ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ၂၀၂၀ ပထမသုံးလပတ်အတွင်း ဥရောပဈေးကွက်မှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။