ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ မာတီနက်ဇ်ကို နူးကမ့်မှာ မက်ဆီနဲ့ တွဲဖက်ကစားပေးဖို့ ဘာစီလိုနာက ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းအလိုရှိနေတဲ့ တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်အတွက် အန်တိုနီယိုဂရစ်မန်းကို ပြန်လည်ရောင်းချဖို့အတွက် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအတွက်တော့ အင်တာမီလန်အသင်းရဲ့ တောင်းဆိုမှုက စဉ်းစားစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမာတီနက်ဇ်ဟာ အင်တာမီလန်အတွက် ဒီရာသီမှာ ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ မာတီနက်ဇ်ကို နူးကမ့်မှာ မက်ဆီနဲ့ တွဲဖက်ကစားပေးဖို့ ဘာစီလိုနာက ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။
ဂရစ်မန်းကတော့ ဘာစီလိုနာကို ဒီနှစ်ဘောလုံးရာသီအစကမှ ပေါင် ၁၀၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ၃၇ ပွဲကစားပေးခဲ့ရာမှာ ၁၄ ဂိုးအထိ ဂရစ်မန်းက သွင်းယူပေးခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို ဘာစီလိုနာက သဘောမကျဖြစ်နေခဲ့ပြီး ပြန်လည်ရောင်းချတော့ဖို့အထိ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် မက်ဆီကိုယ်တိုင်ကလည်း သဘောတူတယ်လို့ သိရပြီး အင်တာမီလန်အတွက် ဒီရာသီမှာ ၃၁ပွဲကစားပြီး ၁၆ ဂိုးသွင်းပေးထားတဲ့ အာဂျင်တိုင်းတိုက်စစ်မှူးအတွက် ဘာစီလိုနာက ပေါင်သန်း ၉ဝအထိ သုံးစွဲရဖွယ်လည်းရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့မှာ ဂရစ်မန်းကို ထည့်သွင်းခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက်တော့ ငွေကုန်ကြေးကျနည်းပါးလာမှာဖြစ်ပါတယ်။
ကော်တင်ဟို၊ ဒမ်ဘီလီိနဲ့ ဂရစ်မန်းတို့ကို ပြန်လည်ရောင်းချသွားဖို့ ဘာစီလိုနာက စီစဉ်နေပြီး နေမာနဲ့ မာတီနက်ဇ်ကို ဦးစားပေးခေါ်ယူဖို့ ပြင်ဆင်နေတဲ့ သတင်းကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့တာပါ။ ဒါကြောင့် အင်တာမီလန်ဘက်ကတောင်းဆိုခဲ့မှုက ဘာစီလိုနာအတွက်တော့ လက်ခံနိုင်ဖွယ်ရာရှိတဲ့ အခြေအနေတစ်ခုဖြစ်နေတယ်လို့ ယူဆရပါတယ်။