တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီက ကမ္ဘာ့ဖလားချန်ပီယံ အီမီလီယာနို မာတီနက်ဇ်ကို ချန်ပီယံ ဟူဂို လိုရစ်နဲ့ တစ်တန်းတည်း ပြောဆိုနိုင်ဖို့ဆိုရင် သွားရမယ့်ခရီးလမ်းက အရှည်ကြီးကျန်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။
မာတီနက်ဇ်နဲ့ လိုရစ်တို့ဟာ တနင်္ဂနွေနွေနေ့မှာ အက်စတန် ဗီလာက စပါးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတိုက်ပွဲမှာ ရင်ဆိုင်ခဲ့ပြီးနောက် ၂ ပတ်အကြာမှာ ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ပင်နယ်တီ အဆုံးအဖြတ်မှာ ဟူဂို လိုရစ်ထက် ပိုမိုကောင်းမွန်ခဲ့တဲ့ဂိုးသမားဖြစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ လက်ရွေးစင်အသင်းပွဲဦးထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပေမယ့်လည်း ကွန်တီက အာဂျင်တီးနားဂိုးသမားရဲ့ အမှန်တကယ် စမ်းသပ်မှုက ခုမှ စတင်မှာဖြစ်တယ်လို့ သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ ဟူဂိုအကြောင်း ပြောရင် အချိန်တွေ ဆုံးရှုံးလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကစားသမားဘဝက သူ့ဘာသာ စကားပြောနေလို့ပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာပေါ်ကအကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးအကြောင်းကို ပြောနေတာပါ"
"မာတီနက်ဇ်က ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး သူက ကမ္ဘာပေါ်က အရေးအကြီးဆုံးဆုဖလားကို ရရှိခဲ့ရာမှာ အဓိကဇာတ်ဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူ့မှာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲ တစ်ဦး ဒါမှမဟုတ် အကောင်းဆုံးဂိုးသမားဆိုတာကို ပြသဖို့ ရှည်လျားတဲ့ ကစားသမားဘဝ ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူ ခက်ခဲတဲ့ အခြေအနေ စတင်နေပြီဖြစ်ပါတယ်။ အခု ခင်ဗျားက အမြင့်မှာရှိနေပေမယ့် ခင်ဗျား ဆက်ပြီးတော့ မြင့်နေရမယ်။ ဖြစ်နိုင်သမျှ တိုးတက်အောင်လုပ်ပြီး တစ်ကြိမ်တခါ ကံကောင်းခဲ့တာမဟုတ်ဘူးဆိုတာကို ပြသရမယ်"
"အရေးပါတဲ့ကစားသမားတွေက အနိုင်ရရှိပြီးနောက်မှာ သူတို့တွေအရေးပါတဲ့ ကစားသမားဘဝကို တည်ဆောက်ပြီး ဒီအနိုင်နဲ့ စတင်တယ်။ ပြီးတော့ နိုင်ပြီးရင်း နိုင်ပြီး သူတို့ရဲ့အဆင့်အတန်းကို တိုးတက်အောင်လုပ်ကြတယ်။ ကျွန်တော်တို့က အရေးပါတဲ့ ဂိုးသမား၂ ဦးအကြောင်း ပြောနေကြတာပါ။ မာတီနက်ဇ်က ဟူဂိုထက် ပိုပြီးတော့ ငယ်ပါတယ်။ သူက ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားကို ကစားခဲ့ပြီး အရေးကြီးတဲ့ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။