ယူနိုက်တက်ပရိသတ်တွေဟာ ဘရိုက်တန်ကို ၁-၃ ဂိုးနဲ့ အရေးနိမ်ခဲ့တဲ့ပွဲက နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ပေးလိုက်ရတဲ့ တစ်ဂိုးအတွက် မာတီနက်ဇ်ရဲ့ အမှားလည်း မကင်းခဲ့ပါဘူး။
ယူနိုက်တက်အတွက်တော့ ဒီရာသီမှာ (၃) ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မာတီနက်ဇ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ ခြေဖမိုးရိုးကျိုးဒဏ်ရာရရှိခဲ့ပြီးနောက် အရင်ခြေစွမ်းနဲ့မတူဘဲ သိသိသာသာ ခြေစွမ်းကျဆင်းလာခဲ့ကြောင်း ယူနိုက်တက်ပရိသတ်တွေက သုံးသပ်နေပါတယ်။
မာတီနက်ဇ်ဟာ အရင်က မာမာထန်ထန် ပုံစံမျိုးနဲ့ ယူနိုက်တက် နောက်တန်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူကိုယ်တိုင်က အမှားအယွင်းတွေ များပြားနေခဲ့ပြီး စိတ်ပျက်စရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ ပရိသတ်တွေကတော့ “မာတီနက်ဇ်က ဒီရာသီမှာ ပျမ်းမျှခြေစွမ်းအောက်တောင် ရောက်သွားခဲ့ပြီး အရမ်းကို နှေးကွေးသွားခဲ့တာက စိုးရိမ်စရာပါ”
“ကက်စ်မဲရိုးနဲ့ မာတီနက်ဇ်တို့ရဲ့ ပုံစံတွေက ပုံမှန်မဟုတ်တော့ပါဘူး။ သူတို့နှစ်ယောက် ဒီလောက်အထိ ခြေစွမ်းကျသွားတာကို မမြင်ခဲ့ဖူးပါဘူး” “မာတီနက်ဇ်က ဒဏ်ရာရသွားပြီးကတည်းက အရင်လိုမဟုတ်တော့ပါဘူး။ သူ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အသီးသီး မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။
မာတီနက်ဇ်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ခွဲစိတ်မှုခံယူထားတဲ့ ဒဏ်ရာက ပြန်လည် နာကျင်လာခဲ့တာကြောင့် လူစားလဲခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်မှာ အကောင်းဆုံး ပြင်ဆင်လေ့ကျင့်နိုင်ခဲ့ပြီး အခု ဘရိုက်တန်နဲ့ပွဲမှာလည်း ပြန်လည် ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။