ခြေထောက်နဲ့ထိပြီးမှ လက်နဲ့ထိခဲ့တာကို ပင်နယ်တီပေးခဲ့တာပါ။

ရီးရဲလ်ဆိုဆီဒက်နဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးအတွက် မန်ချက်စတာယူနိုက်တက်ပရိသတ်အများအပြားဒေါသထွက်ခဲ့ကြတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေခဲ့ကြပြီး ပင်နယ်တီမပေးသင့်ဘူးလို့လို့ ရေးသားပြောဆိုခဲ့ကြကာ VAR တောင် ပြန်လည်မကြည့်ခဲ့၊ အဝါကတ်ချက်ချင်းပြတဲ့လုပ်ရပ်ကို နားမလည်နိုင်ဘူးလို့လည်း ဆိုနေကြပါတယ်။ 

ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်ချက်ကို မာတီနက်ဇ်က တားဆီးခဲ့ရာမှာ ဘောလုံးက သူ့ခြေထောက်နဲ့ထိပြီးနောက် လက်နဲ့ထိခဲ့တာဖြစ်ပါတယ်။ အနှေးပြကွက်တွေအရ လက်ကို တိုက်ရိုက်ထိတာမဟုတ်ဘဲ ခြေထောက်ကိုထိခဲ့တာဖြစ်သလို မာတီနက်ဇ်ရဲ့ လက်ကလည်း အတွင်းထဲကို ရောက်နေခဲ့တာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟန့်တားခဲ့တာ မဟုတ်ဘူးဆိုတာ သိသာနေခဲ့တယ်လို့ ပရိသတ်တွေက ထောက်ပြခဲ့ကြပါတယ်။ 



ပရိသတ်တဦးက "ဘယ်လိုနည်းနဲ့ပဲ ပင်နယ်တီသတ်မှတ်သတ်မှတ် မာတီနက်ဇ်ရဲ့ ခြေထောက်က စည်းကမ်းချက်တွေမှာ ဖော်ပြထားတဲ့ အခြေအနေမျိုးမှာ ရှိနေခဲ့တာပါ" လို့ ဆိုပါတယ်။ နောက်တဦးကလည်း "ဒါ မာတီနက်ဇ်မှာ လက်မောင်းတွေရှိနေခဲ့လို့ ပင်နယ်တီပေးလိုက်တဲ့သဘောပဲ" လို့ လှောင်ပြောင်ရေးသားခဲ့သလို "ဒါက ပင်နယ်တီသာဆိုရင်တော့ လူတိုင်းပြီးဆုံးသွားပြီ၊ ရူးသွပ်တဲ့ဆုံးဖြတ်ချက်ပဲ" လို့ အခြားတဦးကလည်း ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ လေးပွဲဆက်အနိုင်ရထားတဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ပါဘူး။ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဖရက်ဒ်၊ ကက်စ်မဲရိုး၊ ရော်နယ်ဒိုတို့ ပွဲထွက်ပါဝင်လာခဲ့ပြီး ခြေစွမ်းပိုင်းက အားရစရာမရှိဖြစ်ခဲ့ရကာ ရော်နယ်ဒိုကလည်း အခွင့်အရေးတချို့ကို လက်လွှတ်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုနဲ့ ကက်စ်မဲရိုးအတွက်တော့ ယူရိုပါလိဂ်ပွဲကို ပထမဆုံးအကြိမ်ကစားခဲ့ဖူးတာဖြစ်ပြီး ပထမဆုံးပွဲမှာပဲ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က