ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူးကြီး ဘန်ဇီမာက လက်ရှိ မော်ဒန် ဘောလုံးလောကအပေါ် သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့ပါတယ်။ အသက် (၃၄) နှစ်ရှိပြီဖြစ်ပေမယ့် ဘန်ဇီမာကတော့ ရီးရဲယ်မက်ဒရစ်လို ကမ္ဘာ့ထိပ်တန်းအသင်းကြီးရဲ့ မရှိမဖြစ် ကစားသမားအနေနဲ့ အသုံးတော်ခံနေဆဲဖြစ်ပါတယ်။
ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း တိုက်စစ်အတွက် အဓိက,ကစားသမားအဖြစ် တာဝန်ယူခဲ့တဲ့ ဘန်ဇီမာဟာ ဒီရာသီ ပြိုင်ပွဲစုံ (၂၇) ပွဲ ကစားပြီးချိန်မှာ (၂၄) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကစားသမားဘဝ သူ့ရဲ့အကောင်းဆုံး ဂိုးသွင်းစံချိန်ကို လိုက်မှီနိုင်ဖို့အတွက်လည်း (၈) ဂိုးသာ လိုအပ်တော့တာပါ။
ဗီနီရှပ်စ်နဲ့ ဘန်ဇီမာအတွဲက ဒီရာသီမှာ ရီးရဲယ်မက်ဒရစ်အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေပေမယ့် ဘန်ဇီမာကတော့ လက်ရှိ မော်ဒန်ဘောလုံးလောကနဲ့ ပတ်သက်လို့ စိတ်တိုင်းမကျတာလေးတွေ ရှိနေပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ ဘန်ဇီမာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ဘန်ဇီမာက “ဘောလုံးလောက,က ကျနော်တို့ အရသာခံနေကျ ပုံစံလိုမျိုး မဖြစ်တော့ပါဘူး။ မိနစ် (၉၀) အတွက်ပဲ ကျနော်တို့ မကြည့်ရတော့ဘဲ အခုဆိုရင် ဆိုရှယ်မီဒီယာပါ ပါလာပါပြီ။ ကွင်းထဲမှာ ကစားသမားတယောက် ဘာလုပ်လဲဆိုတာကို ကျနော်တို့ မကြည့်တော့ဘဲ ဂိုးသွင်းနိုင်လားဆိုတာကိုပဲ ကြည့်ပါတော့တယ်”
“နောက်တရက်ကျရင် ဘာတွေဆက်ဖြစ်သေးလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရပြန်ပါတယ်။ ကျနော်က ပွဲထဲမှာ ကောင်းကောင်းခြေစွမ်းမပြနိုင်ခဲ့ဘူး၊ ဒါပေမယ့် ကျနော်က ဂိုးသွင်းနိုင်ခဲ့ပြီဆိုရင်တော့ ကျနော့်ကို အကောင်းဆုံးအဖြစ် ရှုမြင်ကြတော့တာပါပဲ။ ဒီလိုမျိုး ဘောလုံးလောကကို ကျနော်ကတော့ မနှစ်သက်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ ဒီလိုမျိုးတွေချည်းပဲ ပိုပိုဖြစ်လာဖို့ ရှိပါတော့တယ်။ ဘောလုံးလောကဆိုတာ အချက်အလက်ကိုပဲ ကြည့်တော့တဲ့ ကစားနည်းဖြစ်လာခဲ့ပါပြီ။ ကျနော်တို့ ဒါကို အသားကျဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဘန်ဇီမာဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ အိပ်မက်မက်ခဲ့တယ်လို့ ပြောကြားထားပြီး သူ့ရဲ့ လက်ရှိဂိုးသွင်းနှုန်းနဲ့ ခြေစွမ်းကိုသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဘန်ဇီမာတယောက် (၂၀၂၂) အတွက် ဘလွန်းဒီအော်ဆုကို အကောင်းဆုံး စိန်ခေါ်နိုင်လိမ့်မယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။