(၂)ဦးသေဆုံးပြီး (၂)ဦးဆေးရုံတက်ရောက်ကုသလျှက်ရှိပါတယ်။

အောက်တိုဘာလ (၁၃)ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့ ၊မြိုင်သာယာရပ်ကွက်မှာ မိသားစုလိုက်ကို ဓားနဲ့ခုတ်ကာ အသတ်ခံရမှုဖြစ်ပွါးခဲ့ပါတယ်။

အသက် (၇)နှစ်အရွယ်ကလေးနဲ့ (၁၂)နှစ်အရွယ် ကလေးအပါအဝင် မိဘနှစ်ပါးကိုပါ ဓားနဲ့အိမ်ထဲကိုဝင်ရောက် ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။

အဖေဖြစ်သူနဲ့ အသက် (၇)နှစ်အရွယ် သားဖြစ်သူမှာ အခင်းဖြစ်နေရာမှာတင်ပင်သေဆုံးခဲ့ပြီး အသက် (၁၂)အရွယ် သမီးနဲ့ မိခင်ကတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်တွေမှာ ဓားခုတ်ရာ ဒဏ်ရာတွေနဲ့ ပဲ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“ မနေ့က ည (၁၂)နာရီအထိ သမီးနဲ့အမေဖြစ်သူက ခွဲစိတ်ခန်းက ထွက်လာတဲ့အထိကျန်းမာရေးကောင်းပါတယ်။ နှစ်ဦးစလုံး ဒဏ်ရာတွေကတော့များတယ်။ညကထိတော့ အသက်ရှင်တယ်ပေါ့နော်။ သူတို့ခွဲခန်းကထွက်မှ ကျွန်တော်လည်းပြန်လာတာ။ ခဏနေ ကျွန်တော်ဆေးရုံသွားပြီး သူတို့အခြေအနေကိုသွားကြည့်မှာပါ။ သားအငယ်နဲ့ အဖေဖြစ်သူကတော့ မနေ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ ကိုအောင်ဆိုတဲ့အဖေဖြစ်သူက မနေ့က အခင်းဖြစ်တော့ ထမင်းစားနေရင်း ဓားနဲ့ဝင်ခုတ်ခံရတာ။ ကလေးနှစ်ယောက်က စားပြီး TV ကြည့်နေကြတယ်။ အမေလုပ်သူကက နောက်ဖေးကိုသွားနေတာ။ အိမ်ရှေ့ပြန်ထွက်လာတာ့ ယောကျာ်းဖြစ်သူက ဒဏ်ရာတွေနဲ့ လဲနေပြီ။ အာ့ချိန်မှာ သူကအနောက်ကို ပြန်ပြေးတဲ့အချိန် သူ့ကိုနောက်ကနေ ခုတ်လိုက်တာ။ ပြီးမှ ကလေးတွေကို သတ်တဲ့သဘော”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ကျွဲခြံကုန်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်က Duwun ကိုပြောပါတယ်။

သတ်တဲ့ တရားခံက အသတ်ခံရတဲ့ မိသားစုအိမ်က အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

မနေ့က အခင်းဖြစ်ပြီးတော့ ကူညီသူတွေရောက်လာတဲ့အခါမှာ အမျိုးသမီးဖြစ်သူက သတိလည်နေသေးတဲ့အတွက် သတ်တဲ့တရားခံဟာ အရင်က အလုပ်သမားဖြစ်ကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ 

တရားခံဟာ အလုပ်လုပ်စဉ်အခါက သူ့ရဲ့ ပထမအိမ်ထောင်နဲ့ ကလေးတွေကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားတဲ့အတွက် အလုပ်ရှင်ဖြစ်တဲ့ အသတ်ခံရသူ ကိုအောင်ကို ပထမအိမ်ထောင်အမျိုးသမီးက လာရောက်တိုင်တန်းခဲ့တာကြောင့် အခုလိုတွေမလုပ်ဖို့ တရားခံဖြစ်သူကို ဆူငေါက်ဆုံးမခဲ့ဖူးတယ်လို့သိရပါတယ်။ 

အဲဒီအချိန်ကတည်းက တရားခံဟာ အလုပ်က သူ့ဘာသာထွက်သွားပြီး မနေ့ကတော့ အလုပ်ရှင်မိသားစုကို အခုလိုလာရောက်သတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။



Share

Loading Next Article...
က္က