မနေ့ညက ယူနိုက်တက်နဲ့ လိဒ်စ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်တို့ အမ်မရန်၊ ဟူဂေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက်အတွက် ဒီနွေရာသီမှာ ပထမဆုံးသော ခြေစမ်းပွဲဖြစ်ခဲ့ပြီး ကစားသမားသစ်ဖြစ်တဲ့ မေဆင်မောင့်လည်း ပွဲထွက် ပါဝင်ကစားခဲ့ပါတယ်။
ဒါ့အပြင် စီနီယာ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဟီတန်၊ ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဝမ်ဘစ်ဆာကာ၊ ဆန်ချိုတို့လည်း ပါဝင်ခဲ့ပြီး မေဆင်မောင့်ကတော့ ပရိသတ်တွေအတွက် အဓိကစောင့်ကြည့်ချင်စရာဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ မေဆင်မောင့်ရဲ့ ခြေစွမ်းကတော့ ပရိသတ်တွေအတွက် ရသအမျိုးမျိုးပေးခဲ့ပါတယ်။
သူ့ရဲ့ ဘောလုံးပေးပို့ပုံ၊ ဖြန့်ဝေပုံတွေက အသင်းသစ်နဲ့ ပထမဆုံး ပွဲဦးထွက်မှာ မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် ဧရိယာထိပ်မှာ ရရှိလာတဲ့ ဘောလုံးကို မိုးပေါ်ထောင်ကန်ခဲ့တာက အချို့ ပရိသတ်တွေအတွက် ပစ်မှတ်ထား လှောင်ပြောင်ချင်စရာဖြစ်နေပါတယ်။ ပရိသတ်တွေကတော့ “မေဆင်မောင့်က သူ့ရဲ့ ပွဲဦးထွက်မှာ ထက်မြက်တဲ့ပုံစံတစ်ခုကို ပြသနိုင်ခဲ့ပါတယ်”
“ချန်ပီယံရှစ်အဆင့်ပဲရှိတဲ့ အသင်းနဲ့ ကစားတာတောင် အဲ့ဒီလောက် မကောင်းသေးပါဘူး” “လူကျွံဘောဖြစ်သွားတဲ့ အခွင့်အရေးကို ဂိုးမဝင်ခဲ့ပါဘူး။ Indirect Freekick က အဆင်မပြေခဲ့ဘူး၊ ဆန်ချိုနဲ့ တစ်ချက်ထိ အပေးအယူလုပ်တာ လွဲသွားတယ်” “မေဆင်မောင့်က ကောင်းမွန်တဲ့ ပေးပို့မှုအချို့ ပြုလုပ်နိုင်ခဲ့သလို ပြိုင်ဘက်ကို ဖိအားပေးတာလည်း ကောင်းပါတယ်။ သူ မ တင်လိုက်တဲ့ ဘောလုံးကတစ်ဆင့် ဂိုးရခဲ့သင့်ပါတယ်” လို့ အသီးသီးမှတ်ချက်ပြုခဲ့ပါတယ်။
မေဆင်မောင့်ဟာ ဒီပွဲမှာ ပြိုင်ဘက်နောက်ခံလူကို အကောင်းဆုံး ဖိအားပေးရင်း ဘောလုံးလုကာ ရရှိလာတဲ့ အခွင့်အရေးကို ရှေ့ထွက်နေတဲ့ ပြိုင်ဘက်ဂိုးသမားကို ကျော်ကန်ခဲ့ပေမယ့် ဘောလုံးက ဂိုးဘားပေါ် ကျော်သွားခဲ့ပါသေးတယ်။ မေဆင်မောင့်ရဲ့ ယူနိုက်တက်နဲ့ ပွဲဦးထွက် ခြေစွမ်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးရွားခဲ့တယ်လို့တော့ သုံးသပ်လို့မရဘဲ လာမယ့်ပွဲတွေမှာ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။