လာဇီယိုနည်းပြ ဆာရီက တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ လာဇီယိုနဲ့ ရိုးမားတို့ပွဲမတိုင်ခင် မော်ရင်ဟိုနဲ့ စကားပြောဖြစ်ခဲ့တဲ့အကြောင်း ဖွင့်ဟလာပါတယ်။ ရောမဒါဘီအဖြစ် ကစားခဲ့တဲ့ အဆိုပါပွဲမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်ကတည်းက မော်ရင်ဟိုနဲ့ ဆာရီတို့အကြား စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး မော်ရင်ဟိုက ဆာရီကို ဆုဖလား သိပ်မရဖူးတဲ့ နည်းပြအဖြစ် ထိုးနှက်ခဲ့ပါတယ်။ ဆာရီကိုယ်တိုင်ကလည်း ယူရိုပါလိဂ်အတွက် မော်ရင်ဟိုရဲ့ ပြင်ဆင်မှုတွေအပေါ် လှောင်ပြောင်ခဲ့ပါတယ်။
အခုပွဲမစခင် သူတို့နှစ်ယောက် ပြောဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆာရီက အခုလိုမျိုး ပြောပြလာပါတယ်။ ဆာရီက “ပွဲမစခင်ကတည်းက ကျွန်တော်တို့ တစ်ယောက်စည်း တစ်ယောက်နင်းပြီးသားပါ။ သူ့ကို ကျွန်တော် ခင်ဗျား တင်ပါးမှာ အမှန်အကန် အနာစပ်သွားလား မေးခဲ့ပါတယ်”
“သူကလည်း ဒီကိစ္စအတွက်ဆိုရင်တော့ ခင်ဗျားလည်း အတူတူပဲဆိုပြီး ပြန်ပြောသွားပါတယ်။ မော်ရင်ဟိုနဲ့ ပတ်သက်လို့ ကျွန်တော် ညှိနှိုင်းနေရတာမျိုးတွေ မကြိုက်ပါဘူး။ ဒါပေမယ့် သူက ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂိုးမရှိသရေကျခဲ့တဲ့ ရောမဒါဘီပွဲက ကွင်းအနေအထားနဲ့ ပတ်သက်လို့လည်း ဆာရီက ဝေဖန်ခဲ့ပါသေးတယ်။ ဆာရီက အဆိုပါကွင်းဟာ ခံစစ်ကနေ ကစားကွက်တည်ဆောက်တဲ့ နှစ်သင်းစလုံးအတွက် အဆင်မပြေကြောင်း ပြစ်တင်သွားခဲ့တာဖြစ်ပါတယ်။