၂၀၁၉ ခုနှစ်က ပြောဆိုခဲ့တဲ့ မော်ရင်ဟိုရဲ့ မှတ်ချက်ပြုခဲ့မှုတွေနဲ့ပတ်သက်ပြီး သူ့ဘက်က အထင်လွဲခဲ့မိတာတွေကို တောင်းပန်တယ်လို့ ရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိကျဆင်းမှုတွေဟာ မော်ရင်ဟို ပြောဆိုခဲ့တာတွေနဲ့ ထပ်တူကျနေခဲ့ပြီး ဘရိုက်တန်ကို ၄-၀ နဲ့ အရေးနိမ့်အပြီးမှာတော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တောင် ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်ကို သူ တာဝန်ယူခဲ့ချိန်မှာ အဆင့် ၂ ရအောင် လုပ်ပေးခဲ့တာက သူ့ရဲ့နည်းပြဘ၀မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မှုဖြစ်တယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။ နောက်ကွယ်က အကြောင်းအရာတွေကို လူတွေကမသိတာကြောင့် သူ ဒီလိုပြောတာတွေအတွက် ရူးနှမ်းနေပြီလို့လည်း အားလုံးက ထင်မြင်လိမ့်မှာဖြစ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့ပြီး အဲဒီတုန်းက ဖာဒီနန်လည်း မော်ရင်ဟိုကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Five Youtube Show မှာ ဖာဒီနန်က "မော်ရင်ဟိုပြောခဲ့တာ တော်တော်ကြာပြီထင်တယ်၊ သူ့ကို လူကိုယ်တိုင်တွေ့ပြီးတော့ကို ကျနော် တောင်းပန်ချင်ပါတယ်၊ သူ လူတွေကို ကိုင်တွယ်ပုံနဲ့ အခြေအနေတချို့ကို ကိုင်တွယ်ရာမှာ အားနည်းချက်တွေရှိနေတုန်းလို့ ကျနော်ထင်ခဲ့တယ်၊ ဒါပေမယ့်လည်း ပြန်ကြည့်မယ်ဆိုရင်တော့ လိဂ်မှာ ဒုတိယရခဲ့တဲ့ ၂၀၁၉ တုန်းက ပြောခဲ့တာပါ"
"နောက်ကွယ်မှာ မှားယွင်းနေတဲ့အရာတွေရှိတာကို ကျနော်တို့သိခဲ့ပေမယ့် အတိုင်းအတာတခုအထိ ဖြစ်ပျက်နေပြီဆိုတာကို မသိခဲ့ကြဘူး၊ ဒီလိုအနေအထားမှာ သူ လုပ်ပြခဲ့တာပါ၊ သူက ကစားသမားတွေအများကြီးကို ရှင်းထုတ်ချင်နေပြီး ကစားသမားသစ်တွေ ခေါ်ချင်တယ်၊ တချို့ကစားသမားတွေကို လစာအများကြီးပေးပြီး ခေါ်ချင်တယ်၊ ဟာ၊ ဘာတွေဖြစ်နေတာလဲ၊ သူ ဘာတွေစဉ်းစားနေတာလဲလို့ ကျနော်ဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီတုန်းက မော်ရင်ဟို ပြောဆိုခဲ့သလိုမျိုးတွေ ယူနိုက်တက်မှာ ဖြစ်ပျက်နေပြီး အသင်းရဲ့ကျဆင်းမှုဟာ အရှိန်အဟုန်မြန်မြန်နဲ့ဖြစ်ပျက်နေပြီး စိုးရိမ်စရာအနေအထားမှာရှိနေပြီဖြစ်ပါတယ်။