ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က ရိုးမားကနေ အထုတ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုကို အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က ရောမမြို့ခံကလပ်ကနေ အထုတ်ခံခဲ့ရတာပါ။
သူ့အတွက် မထင်မှတ်ထားတဲ့ အထုတ်ခံရမှုဖြစ်ခဲ့ပြီး ရိုးမားပရိသတ်တွေက ဗီရိုနာကို နိုင်ခဲ့တဲ့ပွဲမှာ မော်ရင်ဟိုဘက်က ရှိနေကြောင်း ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။ အခုချိန်မှာတော့ မော်ရင်ဟိုရဲ့အနာဂတ်က ဘယ်ဆီ ဘယ်ဝယ်မှန်း မရေရာသေးပါဘူး။
“ကျွန်တော်သာဆိုရင်တော့ မော်ရင်ဟိုကို အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်လိုက်မှာပါ။ အက်ဖ်အေကတော့ အဲ့ဒီလိုလုပ်မယ်လို့ မထင်ပါဘူး။ သူတို့က ဆောက်ဂိတ်ကနေ မော်ရင်ဟိုဆီ ကူးသွားမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကြားမှာ ပုံစံနဲ့ ကိုယ်ရည်ကိုယ်သွေး ကွာဟချက်ကြီးမားပြီး ဒါက မဖြစ်နိုင်ပါဘူး”
“ချဲလ်ဆီးကို ပြန်သွားဖို့လား။ ကျွန်တော် သူ့ကို ချဲလ်ဆီးမှာ မြင်ချင်ပါတယ်။ ဒါလည်း မဖြစ်နိုင်ပါဘူး။ နယူးကာဆယ်မှာလည်း သူ့ကို မြင်တွေ့ချင်ပေမယ့် အက်ဒီဟိုဝီထွက်သွားရတာမျိုးကိုလည်း ကျွန်တော် မမြင်ချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။