ယူရိုပါလိဂ်ဗိုလ်လုပွဲက လုပ်ရပ်ကြောင့် မော်ရင်ဟိုကို ဝေဖန်ခဲ့တာပါ။

ဆွစ်ဇာလန်လူမျိုး ဒိုင်လူကြီးဟောင်း ယူအာစ်မိုင်ယာက ယူအီးအက်ဖ်အေအနေနဲ့ ရိုးမားနည်းပြ မော်ရင်ဟိုကို တစ်နှစ်လောက် ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုဟာ ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် အန်သိုနီတေလာကို ကားပါကင်မှာ စောင့်ဆိုင်းပြီး စော်ကားပြောဆိုခဲ့တာပါ။



မော်ရင်ဟိုက အန်သိုနီတေလာကို “အရှက်မရှိတဲ့ကောင်၊ သောက်တလွဲကောင်” လို့ အကြိမ်ကြိမ် ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ အဆိုပါ ဗိုလ်လုပွဲမှာ ရိုးမားတို့ ပွဲချိန်အတွင်း ရသင့်ရထိုက်တဲ့ ပင်နယ်တီတွေမရရှိခဲ့တာကြောင့် မော်ရင်ဟိုတစ်ယောက် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲချိန်အတွင်းမှာလည်း အဝါကတ်ပြသခံခဲ့ရပါသေးတယ်။

ဒါ့အပြင် အန်သိုနီတေလာဟာ သူ့ရဲ့ဇနီးသည်၊ သမီးဖြစ်သူနဲ့အတူ ဘူဒါပက်စ်လေဆိပ်ကို ရောက်ရှိလာချိန်မှာလည်း ရိုးမားပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကားပါကင်အတွင်း အန်သိုနီတေလာအပေါ် စော်ကြားပြောဆိုခဲ့တဲ့ မော်ရင်ဟိုက ယူအီးအက်ဖ်အေက ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

မိုင်ယာကလည်း “မော်ရင်ဟိုက ဒိုင်လူကြီးကို သွားစရာမရှိအောင် ပရိသတ်တွေကြားထဲ ပစ်ချလိုက်တာပါပဲ။ သူက (၂၀၀၅) ခုနှစ်၊ ချဲလ်ဆီးနည်းပြဘဝတုန်းကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ဆွီဒင်ဒိုင်လူကြီးဟောင်း အန်ဒါစ်ဖရစ်ကိုလည်း ဒါမျိုး လုပ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ အဲ့ဒီဒိုင်က အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ရရှိခဲ့ပြီး သူ့ရဲ့ ဒိုင်လူကြီးဘဝကို အဆုံးသတ်သွားခဲ့ရပါတယ်”

“ကျွန်တော်တို့ ဒီအခြေအနေတွေကို သုံးသပ်ရမှာဖြစ်ပြီး သူ့ကို နိုင်ငံတကာပွဲတွေမှာ တစ်နှစ်လောက် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ စီးရီးအေမှာလည်း ကွင်းလယ်ဒိုင်တွေနဲ့ မကြာခဏ ပြဿနာတက်လေ့ရှိပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာ အနည်းဆုံး အနီကတ် (၂) ကြိမ်ထိပြီး အထုတ်ခံခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က