မော်ရင်ဟိုကို ပြန်မခေါ်နဲ့လို့ ရီးရဲလ်ကို သတိပေးလိုက်ပါတယ်။

အီတလီနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း အန်တိုနီယိုကာဆာနိုက ရီးရဲလ်မက်ဒရစ်အနေနဲ့ နည်းပြသစ်ခန့်အပ်မယ်ဆိုရင် နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုကို မခေါ်ယူဖို့ သတိပေးလိုက်ပါတယ်။ ရာသီကုန်မှာ အန်ဆယ်လော့တီနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ရီးရဲလ်ဟာ နည်းပြသစ်တဦး ရှာဖွေနေပြီး မော်ရင်ဟိုနဲ့လည်း သတင်းတွေထွက်နေတာပါ။ 

ကာဆာနိုက မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ စပိန်လာလီဂါကလပ်အတွက် စစ်မှန်တဲ့ နည်းပြမဟုတ်ဘူးလို့ ယုံကြည်နေတာပါ။ မော်ရင်ဟိုအနေနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အစုအဖွဲ့ထက် တဦးချင်းမှတ်တမ်းတွေကို ပိုမိုပြီးတော့ ရယူချင်နေတဲ့သူဖြစ်နေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။ 

"မော်ရင်ဟိုက ဘောလုံးလောကကို ဂရုစိုက်တဲ့သူမဟုတ်ပါဘူး၊ မက်ဒရစ်က အန်ဆယ်လော့တီနဲ့ ဆက်အလုပ်မလုပ်တော့ဘူးဆိုရင် သူ ပြန်ရောက်သွားနိုင်ပါတယ်၊ ဒါပေမယ့် သူတို့တွေ မော်ရင်ဟိုကို ခေါ်မှာမဟုတ်ပါဘူး၊ မော်ရင်ဟိုက အလုပ်လုပ်ရတာကို မကြိုက်ဘူး၊ ဘယ်လိုဆက်ဆံပြောဆိုရမလဲဆိုတာကို မသိဘူး၊ သူ့ဇာတ်လမ်းအတွက် အရူးလုပ်မခံပါနဲ့" 

"သူ အောင်မြင်မှုတွေကို ဘယ်လိုတွေ ရယူခဲ့လဲ ကျနော်မသိပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက ရုပ်ရှင်ရုံတခုသာသာလောက်ပဲရှိတာပါ၊ သူက နည်းပြကောင်းတဦးဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် အခုချိန်မှာ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို လေ့ကျင့်ပေးနိုင်သလို ဆန်မာတင်စ် (ကျွန်းစုနိုင်ငံငယ်လေး) ကိုလည်း လေ့ကျင့်ပေးရတာမျိုးလည်း ဖြစ်နိုင်နေပါပြီ" လို့ ကာဆာနိုက ပြောဆိုခဲ့ပါတယ်။ 

ကာဆာနိုကတော့ မော်ရင်ဟိုကိုမှ သွားပြီး ထိကပါးရိကပါးလုပ်လိုက်တာပါပဲ။ သိပ်မကြာခင်မှာ ဒီလိုပြောဆိုခဲ့တာတွေအပေါ် မော်ရင်ဟိုဘက်က သေချာပေါက်ပြန်တုံ့ပြန်လာဖွယ်ရာရှိလာမှာပါ။ မော်ရင်ဟိုတယောက် ကာဆာနိုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသာ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က