မော်ရင်ဟိုရဲ့ ကစားသမားကို စည်းရုံးဖို့ ကြိုးစားခဲ့တာပါ။

ချဲလ်ဆီးရဲ့ ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားက ရိုးမား တိုက်စစ်ကြယ်ပွင့် ဒီဘားလားကို ချဲလ်ဆီးမှာ လာရောက်ကစားဖို့အတွက် ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဘားလားကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ ဥရောပ အသင်းအချို့အပြင် ဆော်ဒီဘက်ကလည်း စိတ်ဝင်စားမှုတွေရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။



ဒါပေမယ့် ရိုးမားဘက်ကလည်း ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဒီဘားလားကို အသင်းမှာ ဆက်ရှိနေဖို့ ကြိုးစားနေပါတယ်။ ချဲလ်ဆီးဟာ အဆိုပါ အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ကို ဂျူဗင်တပ်စ်မှာ ကစားနေကတည်းက စိတ်ဝင်စားခဲ့တာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ချဲလ်ဆီးနည်းပြသစ်အဖြစ် ပိုချက်တီနိုက တာဝန်ယူ ကိုင်တွယ်နေပြီဖြစ်ပြီး သူ့လက်ထက်မှာ ကစားသမားသစ်တွေ ထပ်မံ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ အသင်းရဲ့ ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားက ဒီဘားလားကို ချဲလ်ဆီးမှာ လာကစားဖို့ စည်းရုံးခဲ့တဲ့အကြောင်းကို ဖွင့်ဟလာခဲ့တာပါ။

သီယာဂိုဆေးလ်ဗားက “ကျွန်တော့်အနေနဲ့ ဒီဘားလားကို အင်္ဂလန်မှာကျင်းပတဲ့ British GP ပွဲမှာ တွေ့ခဲ့ပါတယ်။ ကျန်တဲ့သူတွေကလည်း သူ့ကို ချဲလ်ဆီးမှာ ကစားဖို့ ပြောခဲ့ကြပြီး ကျွန်တော်ကိုယ်တိုင်လည်း သူရောက်လာဖို့ မျှော်လင့်ပါတယ်။ သူနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပြီး ချဲလ်ဆီးမှာ လာကစားမလားလို့လည်း ကျွန်တော် မေးမြန်းခဲ့ပါတယ်”

“ဒီဘားလားက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်လည်း သူနဲ့ တွဲကစားခွင့်ရမယ်ဆိုရင် ပျော်ရွှင်ကျေနပ်မိမှာပါ။ နောက်ပြီး ဒါက ကြီးကျယ်ခမ်းနားတဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီဘားလားကတော့ ရိုးမားမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမယ့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်နေတယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ယူရို (၁၂) သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က