ဆမ်ဒိုးရီးယားနဲ့ပွဲမှာ ရိုးမား အသင်းခေါင်းဆောင် ပယ်လီဂရီနီဟာ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် အချိန်ဆွဲခဲ့တာကြောင့် ကွင်းထဲက ထွက်ခါနီးမှာ အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။ အနိုင်ရတဲ့အသင်းဘက်က ကစားသမားတယောက် အချိန်ဆွဲတာက သာမန်ကိစ္စဆိုပေမယ့် ပယ်လီဂရီနီကတော့ နည်းပေါင်းစုံကို အသုံးပြုသွားတာပါ။
ဒီပွဲမှာ ရိုးမားက ပွဲကစားချိန် (၂၇) မိနစ်တည်းက မစ်ခီတာရန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲပြီးတဲ့အထိ အဆိုပါ တလုံးတည်းသောသွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ မော်ရင်ဟိုက ပယ်လီဂရီနဲ့အိုလီဗီရာတို့နေရာကို ဘိုဗီ၊ ကမ်ဘူလာတို့နဲ့ လူစားလဲခဲ့ပါတယ်။
လူစားလဲခံရချိန်မှာ ပယ်လီဂရီနီက သူဝတ်ဆင်ထားတဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အသင်းဖော် မန်စီနီကို လွှဲပြောင်းဝတ်ဆင်ပေးခဲ့ပါတယ်။ ဒီလို လွှဲပြောင်းတဲ့နေရာမှာလည်း အချိန်တော်တော်ကြာနေတာကို ပရိသတ်တွေ သတိထားမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကွင်းထဲကနေ လမ်းလျှောက်ထွက်လာရင်း ပယ်လီဂရီနီက သူ့ရဲ့ခြေသလုံးအကာတွေကို ဖြုတ်နေခဲ့ပါတယ်။
ကွင်းလယ်ဒိုင်က သူ့ကို အချိန်မဆွဲဘဲ ကွင်းထဲကနေ အမြန်ဆုံးထွက်ခွာဖို့ ဆက်တိုက်ညွှန်ကြားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပယ်လီဂရီနီက သူ့ဖိနပ်ကြိုးကိုပါ ဆွဲဖြည်လိုက်တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ ဒီအဝါကတ်က သူ့အတွက် ဒီရာသီ စီးရီးအေမှာ (၅) ကြိမ်မြောက် အဝါကတ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် လာမယ့်တပတ် ဆာလီတီနာနဲ့ပွဲကို ပယ်လီဂရီနီလွဲချော်ရမယ်ဆိုပေမယ့် နာပိုလီ၊ အင်တာမီလန်တို့နဲ့ ကစားရမယ့် အရေးကြီးပွဲစဥ်တွေမှာတော့ ပြန်လည်ပါဝင်လာမှာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒါက သေချာပေါက် မော်ရင်ဟိုရဲ့ညွှန်ကြားချက်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားနေပြီး ပယ်လီဂရီနီကတော့ နာပိုလီ၊ အင်တာမီလန်တို့နဲ့ပွဲတွေမှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာလည်းဖြစ်ပါတယ်။