ရိုးမားတို့ ဖီယင်နုကို အနိုင်ရပြီး ယူရိုပါကွန်ဖရင့်လိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။

မော်ရင်ဟိုအတွက်တော့ ချိုမြိန်တဲ့အောင်ပွဲဖြစ်ခဲ့ရပါတယ်။ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် မော်ရင်ဟိုက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အခု ကွန်ဖရင့်လိဂ်တို့ကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြတယောက်ဖြစ်လာခဲ့ပါတယ်။



ဒီပွဲမတိုင်ခင်မှာ မော်ရင်ဟိုက သူ့ကိုယ်သူ စပါယ်ရှယ်ဝမ်းတယောက် မဟုတ်တော့ပါဘူးလို့ ပြောပြီး သူနဲ့အသင်းအပေါ်မှာရှိနေတဲ့ဖိအားတွေကို လျှော့ချပစ်ခဲ့ပါတယ်။ ပွဲကစားချိန်မှာလည်း ရိုးမားက မော်ရင်ဟိုရဲ့ အသင်းပီပီ ခံစစ်ကို ဂရုတစိုက်ကစားခဲ့ပြီး အခွင့်အရေးကိုပဲ ပြန်ချောင်းကစားခဲ့ပါတယ်။

နှစ်သင်းလုံးကအပြန်အလှန် ထိုးဖောက်နေသယောင်ရှိပေမယ့် အပိုင်အခွင့်အရေး မရသလောက်ဖြစ်ခဲ့ပြီး ပွဲက အေးခဲ့ပါတယ်။ ပွဲကစားချိန် (၁၅) မိနစ်မှာတင် မီခီတာရန် ဒဏ်ရာရသွားခဲ့တာကြောင့် အိုလီဗီရာနဲ့ လူစားလဲခဲ့ရပါတယ်။ (၃၁) မိနစ်မှာတော့ ရိုးမားတို့ တလုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပြီး မန်စီနီ မ တင်ပေးလိုက်တဲ့ ဘောလုံးကို ဇာနီအိုလိုက တချက်ထိန်းပြီး ဂိုးသမားကို ကျော်သွင်းခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းလုံးက ဂိုးပေါက်တည့်အောင် တကြိမ်စီသာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ရိုးမားကတော့ ဒီတကြိမ်ကနေ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းစစချင်းမှာ ဖီယင်နုရဲ့ ထိုးဖောက်မှု သုံးကြိမ်မှာ တကြိမ်က တိုင်ထိထွက်ခဲ့ပြီး နောက်နှစ်ကြိမ်ကတော့ ပက်ထရီစီယို လက်စွမ်းပြခဲ့တာကြောင့် ဖီယင်နုတို့ နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ရိုးမားက မော်ရင်ဟိုရဲ့ထုံးစံအတိုင်း ခံစစ်ကိုပဲ အပီအပြင်ကစားခဲ့ပြီး ဖီယင်နုကလည်း ဖိအားပေးကစားခဲ့ပေမယ့် ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကြီးကြီးမားမားမရရှိခဲ့ပါဘူး။ ရိုးမားက ဗာရီတောက်နဲ့ ပယ်လီဂရီနီတို့ရဲ့ ကန်ချက်တွေကိုလည်း ဖီယင်နုဂိုးသမား ဘီချ်လိုကာကွယ်နိုင်ခဲ့ပါတယ်။ ရိုးမားဟာ ဒီပွဲရဲ့ ပထမပိုင်းမှာတကြိမ်၊ ဒုတိယပိုင်းမှာနှစ်ကြိမ် စုစုပေါင်းသုံးကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

ဒါပေမယ့် ဒီနှစ်ကြိမ်ထဲကနေပဲ အနိုင်ဂိုးရရှိခဲ့ပြီး ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ပထမဆုံးဆွတ်ခူးနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် မီခီတာရန်၊ စမောလင်းတို့ဟာ ယူနိုက်တက်မှာ မော်ရင်ဟိုနဲ့အတူ ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီး အခု ယူရိုပါကွန်ဖရင့်လိဂ်ဖလားကိုပါ အတူတကွ ထပ်မံဆွတ်ခူးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝတလျှောက် ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ တကြိမ်တခါမှမရှုံးနိမ့်ဖူးတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က