မော်ရင်ဟိုနဲ့ ပတ်သက်လာရင် တော်တော်လေး မျက်မုန်းကျိုးနေတဲ့ အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုကတော့ ဒီတစ်ကြိမ်မှာလည်း မော်ရင်ဟိုကို အီတလီမှာ ပြန်လည်မမြင်တွေ့လိုတော့ကြောင်း တိုက်ခိုက်လာခဲ့ပြန်ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အားလပ်ရက်ခရီးထွက်နေပြီး ဒီခရီးစဥ်ကနေ မော်ရင်ဟို အီတလီကို ပြန်မလာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာပါ။
မော်ရင်ဟိုဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ကားပါကင်မှာ ကွင်းလယ်ဒိုင် အန်သိုနီတေလာကို စောင့်ဆိုင်းကာ ဆဲဆိုပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားပရိသတ်တွေကလည်း အဆိုပါ ကွင်းလယ်ဒိုင်နဲ့ မိသားစုကို ဘူဒါပက်စ်လေဆိပ်မှာ ဝိုင်းဝန်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး အန်သိုနီတေလာနဲ့ သူ့မိသားစုက လုံခြုံရေး အစောင့်အရှောက်နဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါတွေက မော်ရင်ဟိုရဲ့စနက်တွေကြောင့်လို့ ကာဆာနိုက ယုံကြည်နေပြီး အခုလိုမျိုး ပြောကြားလာခဲ့ပါတယ်။ ကာဆာနိုက “မော်ရင်ဟိုနဲ့ ဖြစ်ပျက်ခဲ့သမျှကို ကြည့်လိုက်ရင် သူက ကားပါကင်မှာ ဒိုင်လူကြီးကို စောင့်ပြီး ဒုက္ခပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ဒီဗီဒီယိုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကပဲ ရိုးမားပရိသတ်တွေက ဒိုင်လူကြီးနဲ့ သူ့မိသားစုကို နောက်တစ်နေ့ လေဆိပ်မှာ ဝိုင်းပြီး ဒုက္ခပေးတဲ့အထိ ဖြစ်စေခဲ့တာပါ” လို့ ဝေဖန်သွားပါတယ်။
ဆက်လက်ပြီးတော့လည်း ကာဆာနိုက “အခု မော်ရင်ဟိုက အားလပ်ရက် ခရီးထွက်နေတယ် ပြောပါတယ်။ ဒီလူမိုက် အီတလီကို ပြန်မလာရင် ကောင်းမယ်ဗျာ။ နောက်ဆုံး နှစ်နှစ်အတွင်း သူ့ဆီက မြင်ခဲ့ရတာဆိုလို့ ရန်ဖြစ်နေတာရယ်၊ ရိုးမားရဲ့သိက္ခာကို ချနေတာရယ်ပဲရှိပါတယ်။ အခုနောက်ဆုံးဖြစ်ရပ်တွေက အသင်းကို ကိုယ်စားမပြုပါဘူး။ ကျွန်တော့်လူတွေအတွက် သူ ပေါ်တူဂီကိုပဲ ပြန်သွားပြီး အီတလီကို ဘယ်တော့မှ ပြန်မလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မော်ရင်ဟိုအနေနဲ့လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးက သူ့ရဲ့အပြုအမူတွေကြောင့် ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရပြီး ကြီးလေးတဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အဆိုပါပွဲမှာလည်း အန်သိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာရှိခဲ့ပြီး ရိုးမားရရှိသင့်တဲ့ ပင်နယ်တီကိုလည်း VAR ပြန်မကြည့်ဘဲ ငြင်းဆန်ခဲ့ပါတယ်။