မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ဆီဗီလာက ရိုးမားကို ပင်နယ်တီ အဆုံးအဖြတ်အထိ ခံယူပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆီဗီလာအတွက်ကတော့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတက်ထားသမျှ အကြိမ်တိုင်း ဆုဖလား ဆွတ်ခူးနိုင်တယ်ဆိုတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး မော်ရင်ဟိုအတွက်တော့ ပထမဆုံး ဥရောပ ဗိုလ်လုပွဲ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီပွဲမှာ ဆီဗီလာက ဘိုနို၊ နာဗက်စ်၊ တဲလက်စ်၊ ဖာနန်ဒို၊ ရာကီတစ်၊ အိုကမ်းပို့စ်၊ ကာလက်စ်ဂေးလ်၊ အယ်လ်နာဆာရီတို့နဲ့ လူစုံခဲ့ပြီး မော်ရင်ဟိုရဲ့ရိုးမားကလည်း ဒီဘားလား၊ အေဘရာဟမ်၊ ပယ်လီဂရီနီတို့နဲ့ လူစုံခဲ့ပါတယ်။ နောက်တန်းသုံးယောက်အတွဲမှာ အီဘီနက်ဇ်၊ စမောလင်း၊ မန်စီနီတို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာလည်း မာတစ်က ပွဲထွက်လာခဲ့ပါတယ်။
ပွဲက သူ့အထိုက်အလျောက်နဲ့သူ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီး ရိုးမားက ပထမပိုင်းမှာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မန်စီနီ ခင်းပေးလိုက်တဲ့ ဘောလုံးကတစ်ဆင့် ဒီဘာလား လွတ်ထွက်သွားပြီး အဆုံးသတ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီနီကြောင့်ပဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။
နာဗက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်း မန်စီနီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။ အဲ့ဒီနောက် ဆီဗီလာတို့ ပင်နယ်တီတစ်ကြိမ် ရခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်သိုနီတေလာက VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ မာတစ်ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ဆီဗီလာ ကစားသမား ပင်နယ်တီဧရိယာထဲ လက်နဲ့ထိခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ VAR တောင် ပြန်မကြည့်ခဲ့ပါဘူး။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရိုးမားဘက်က မန်စီနီ၊ အီဘီနက်ဇ်တို့ ဆက်တိုက် လွဲချော်ခဲ့ပြီး ဆီဗီလာဘက်က (၄) ဂိုးလုံး ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံး ပင်နယ်တီမှာတော့ မွန်တီယဲယ်ရဲ့ ပင်နယ်တီကန်ချက်ကို ရိုးမား ဂိုးသမား ပက်ထရီစီယို ကာကွယ်နိုင်ခဲ့ပေမယ့် ခြေထောက်က ဂိုးစည်းကို မနင်းထားတာကြောင့် ပြန်ကန်ခိုင်းခဲ့ရာမှာတော့ ဂိုးဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆီဗီလာတို့ ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ်ရဲ့ ဘုရင်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။