ပြင်သစ်နဲ့ မော်ရိုကိုတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်လည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။ မော်ရိုကိုရဲ့ ပုံစံကောင်းရရှိနေမှုက ဒီနေ့မှာလည်း ပြင်သစ်ကို အခက်တွေ့စေခဲ့ပြီး ဦးဆောင်ဂိုးစောစောပေးလိုက်ရပေမယ့် သူတို့ရဲ့ ပြန်လည်ခြိမ်းခြောက်နိုင်မှုတွေက ချေပဂိုးရနိုင်တဲ့ အနေအထားမှာရှိခဲ့ပါတယ်။ ပြင်သစ်အတွက် ပွဲချိန် ၅ မိနစ်မှာပဲ သီယိုဟာနန်ဒက်ဇ်က လှပတဲ့ အနီးကပ်ကန်ချက်နဲ့အတူ ရယူနိုင်ခဲ့တာပါ။
ပထမပိုင်းအပြီးမှာ ပြင်သစ်က ၁-၀ နဲ့ ဦးဆောင်နေပါတယ်။ ဒါပေမယ့် မော်ရိုကိုဘက်က နောက်ပြန်ကန်ချက်ကိုသာ လိုရစ်မကာကွယ်နိုင်ခဲ့ရင် ပြင်သစ်တို့ ချေပဂိုးပေးလိုက်ရမယ့် အနေအထားရှိခဲ့ပါတယ်။ မော်ရိုကိုကလည်း တိုက်စစ်ကစားပုံ ကောင်းမွန်နေပြီး ပြင်သစ်တို့ သတိတချက်လစ်တာနဲ့ ချေပဂိုးပြန်ပေးနိုင်ရတဲ့ အနေအထားရှိခဲ့ပြီး ခဲခဲယဉ်းယဉ်းကာကွယ်ရမှုတွေရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မော်ရိုကိုက ပိုကောင်းလာခဲ့ပြီး ပြင်သစ်ကို ဆက်တိုက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်ခံစစ်က သတိကြီးကြီးထားကာကွယ်နေခဲ့ပြီး နေရာစုံကနေ မော်ရိုကိုထိုးဖောက်မှုတွေ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းမသေချာတာ၊ အဆုံးသတ်ပိုင်းညံ့ဖျင်းတာနဲ့ ပြင်သစ်ခံစစ်နဲ့ ဂိုးသမားလိုရစ်တို့ ကာကွယ်ပုံကောင်းနေခဲ့လို့ ချေပဂိုးရဖို့တော့ အလှမ်းဝေးနေခဲ့ပါတယ်။
မော်ရိုကိုတို့ ဂိုးမရဖြစ်နေချိန်မှာ ပြင်သစ်က နောက်ထပ်ဦးဆောင်ဂိုးကို မိနစ် ၈၀ မှာ သွင်းယူခဲ့ပါတယ်။ ဘတ်ပီရဲ့ လှပတဲ့ လိမ်ခေါက်ကျော်ဖြတ်မှုလုပ်ပြီး ဖန်တီးပေးရာကနေ မူနီက အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။ ဘတ်ပီက မော်ရိုကိုကစားသမား ၃ ဦးကြားကနေ ပေးပို့နိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲရဖို့ သေချာစေမယ့် အဖိုးတန်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိချန်ပီယံပြင်သစ်တို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲံပြီး အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကောင်းမွန်နေတဲ့ အသင်းနှစ်သင်းရင်ဆိုင်ရမှာဖြစ်လို့ ကြည့်ကောင်းမယ့်ပွဲတပွဲဖြစ်လာမှာဖြစ်ပြီး မက်ဆီနဲ့ ဘတ်ပီတို့ရဲ့ ရွှေဖိနပ်ဆုလုပွဲလည်းရှိနေလို့ ပိုပြီးအကြိတ်အနယ်ဖြစ်လာမှာပါ။