ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
တတိယနေရာလုပွဲဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်လုံး ထိန်းကစားလာတဲ့ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ ၂ သင်းစလုံးဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ခဲ့ကြပြီး ၇ မိနစ်မှာ အိုင်ဗန် ပါရီဆစ် ချပေးလိုက်တဲ့ဘောလုံးကို ဂွါဒီယောလ် လေထဲမှာ ဝဲပျံပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် ခရိုအေးရှားတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရိုကိုအသင်းက နောက်ထပ် ၂ မိနစ်အကြာမှာ အလွတ်တည်ကန်ဘောကနေ သတိရှိရှိနဲ့ ဒါရီက ၆ ကိုက်အကွာကနေ လီဗာကိုဗစ်ကို အနီးကပ် ခေါင်းတိုက်သွင်းယူပြီး ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၂၄ မိနစ်မှာ မော်ရိုကိုအသင်းရဲ့ ညံ့ဖျင်းတဲ့ ရှင်းထုတ်မှု ၂ ကြိမ်ကနေ မိုဒရစ် ပင်နယ်တီဧရိယာအစွန်မှာ ဘောလုံး ရရှိသွားခဲ့ပြီး အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ဘိုနူ ပုတ်ထုတ်နိုင်ခဲ့ပြီး ပါရီဆစ်က ထပ်မံပိတ်သွင်းမှုကိုလည်း ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ အော်ရှစ်က ပင်နယ်တီဧရိယာ ဘယ်ဖက်ကနေ ဆွဲလာပြီး ညာခြေနဲ့ ဝိုက်ကန်သွင်းခဲ့တဲ့ဘောလုံးက ဘိုနူ ဆန့်ထုတ်ထားတဲ့ လက်ကို ကျော်ပြီး တိုင်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် ခရိုအေးရှားတို့ ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးပြီးချင်း ၂ မိနစ်အကြာမှာ အော်ရှစ် နောက်ထပ်တစ်ကြိမ် ဂိုးသွင်းနိုင်မယ့် အခွင့်အရေး ရရှိခဲ့ပြီး ဘယ်တောင်ပံကနေ အတွင်းထဲ ချိုးဝင်ခဲ့ပြီးနောက် ကန်သွင်းခဲ့တဲ့ဘောလုံးက အယ်လ် ယာမစ်နဲ့ ထိပြီး ဂိုးပိုက်ဘေးကိုသာ ထိမှန်ခဲ့တာဖြစ်ပါတယ်။ ၅၆ မိနစ်မှာ မော်ရိုကိုအသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက်မှာ တောက်ပခဲ့တဲ့ အူနာဟီ လူစားဝင်ကစားခဲ့ပြီး မိနစ် ၆၀ ကျော်မှာ ၂ သင်းစလုံး လူစားလဲလှယ်မှုတွေ အများအပြား ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
၇၄ မိနစ်မှာ ဂွါဒီယောလ် အလွန်ကောင်းမွန်တဲ့ ပြေးလွှားမှုပြုလုပ်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထားမှာ ကန်သွင်းမှု ပြုလုပ်ဖို့ လုပ်နေချိန်မှာ အမ်မရာဘတ်နောက်ကနေ ခြေထောက်ကို ကန်ခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ပွဲကို ဆက်လက်ကစားစေခဲ့သလို VAR ကလည်း သဘောတူညီခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၁ မိနစ်အကြာမှာ ဂွါဒီယောလ်ရဲ့ ရှင်းထုတ်မှုက အန် နက်စရီဆီ ရောက်သွားခဲ့ရာမှာ မော်ရိုကို ကြယ်ပွင့်က တဝက် မြေမကျဘော ကန်သွင်းခဲ့ပေမယ့်လည်း လီဗာကိုဗစ်က အကောင်းဆုံးပုံစံနဲ့ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။
ခရိုအေးရှားအသင်းဟာ ပွဲပြီးဆုံးတဲ့အချိန်အထိ ၂-၁ နဲ့ ဦးဆောင်ထားနိုင်မှုကို ထိန်းသိမ်းသွားနိုင်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။