ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မော်ရိုကို ကို ပေါ်တူဂီတို့ ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် နိုင်ငံတကာပွဲစဉ်အများဆုံးပါဝင်ကစားပေးထားတဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ကူဝိတ်တိုက်စစ်မှူး အယ်လ်-မူတာဝါရဲ့ စုစုပေါင်းပွဲအရေအတွက်ကို လိုက်မီခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဂန္တဝင်ကစားသမားဘဝက စံချိန်စာရင်းထဲကို နောက်ထပ်စံချိန်တစ်ခု ထပ်ထည့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၅ ဆုရှင်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲစလုံးကို အရန်ခုံမှာ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က မော်ရိုကိုနဲ့ ပွဲစဉ်မှာလည်း ဆွစ်ဇာလန်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဂွန်ဆာလို ရာမို့စ်ကိုပဲ ပွဲထွက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့ နောက်ဆုံး နိုင်ငံတကာပွဲစဉ် ပါဝင်ကစားပေးမှုက ဇွန်လကတည်းက စံချိန်တင်ထားခဲ့တဲ့ အယ်လ်-မူတာဝါရဲ့ ပွဲအရေအတွက်နဲ့ တူညီသွားစေခဲ့တာဖြစ်ပြီး ကူဝိတ်တိုက်စစ်မှူးဟာ ၂၀၂၃ အာရှဖလား ဝင်ခွင့်ပွဲစဉ်အဖြစ် ဂျော်ဒန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကူဝိတ်အတွက် ၁၉၆ ပွဲမြောက် ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကူဝိတ် တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံတကာပွဲစဉ်အများဆုံး ပါဝင်ကစားပေးထားတဲ့ ကစားသမားစံချိန်ကို ရရှိခဲ့တာဖြစ်ပြီး ဖီဖာက မလေးရှားကစားသမား ဆို ချင်းအန်းရဲ့ ၁၉၅ ပွဲကို အများဆုံးပါဝင်ကစားပေးထားတဲ့ပွဲအရေအတွက်အဖြစ် အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အယ်လ်-မူတာဝါက နိုင်ငံတကာပွဲစဉ်အများဆုံးပါဝင်ကစားပေးထားတဲ့ကစားသမားစံချိန်ကိုပြန်လည်ရရှိဖို့အတွက် နောက်ထပ် နိုင်ငံတကာပွဲစဉ် ၁၀ ပွဲက ကစားပြီးနောက် ဖီဖာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အယ်လ်-မူတာဝါဟာ ကူဝိတ်အသင်းအတွက် ၅၆ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး လက်ရှိမှာတော့ ကူဝိတ်ပရီးမီးယားလိဂ်က Qadsia SC အသင်းအတွက် ကစားပေးနေတာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းသာ မော်ရိုကို ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်မှာ ပါဝင်ကစားပေးပြီး နိုင်ငံတကာပွဲစဉ်အများဆုံးကစားထားတဲ့ စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ အသက် ၁၈ နှစ်အရွယ်မှာ လက်ရွေးစင်အတွက် ပထမဆုံးပါဝင်ကစားပေးခွင့်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်က ကာဇက်စတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ လူးဝစ္စ ဖီဂိုရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို လက်ရွေးစင်အသင်းအတွက် ၈ ပွဲမြောက်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ဂရိနဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အီရန်တိုက်စစ်မှူး အလီဒါအီရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစံချိန်ကို အိုင်ယာလန်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက် ကစားသမားဘဝတလျှောက် စုစုပေါင်း ၁၁၈ ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။