မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ဖရိုင်းဘတ်တို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမအကျော့မှာတုန်းက ဖရိုင်းဘတ်ကွင်းမှာ ဝက်စ်ဟမ်းတို့ နောက်ကျဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
အိမ်ကွင်းမှာတော့ ဝက်စ်ဟမ်းတို့ အမှားမခံခဲ့ဘဲ ဖရိုင်းဘတ်ကို ဂိုးပြတ်ပါ အနိုင်ကစားသွားခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုအရ ဖရိုင်းဘတ်က အသာရခဲ့သလို အခွင့်အရေးရရှိမှုအပိုင်းမှာလည်း မတိမ်းမယိမ်းဖြစ်ခဲ့ပေမယ့် ဝက်စ်ဟမ်းက အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် အခုလောက်အထိ ဂိုးပြတ်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ကူဒက်စ်သွင်းယူသွားခဲ့တဲ့ ဂိုးကလည်း ပွတ်ရှ်ကပ်စ်ဆုအတွက်ပါ ဆန်ခါတင်စာရင်းထဲ ပါဝင်သင့်တယ်လို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းကို ခံနေရပါတယ်။ ကူဒက်စ်ဟာ ဒီပွဲမှာ သူတစ်ယောက်တည်း နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းရဲ့ ပွဲသိမ်းဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တာပါ။
အသင်းအတွက် စတုတ္ထမြောက်ဂိုးအဖြစ် သွင်းယူခဲ့ချိန်မှာ ကူဒက်စ်က ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ဘောလုံးကို လက်ခံရယူခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ကိုယ်တော် အရည်အချင်းနဲ့အတူ ဖရိုင်းဘတ် ကွင်းလယ်နဲ့ နောက်တန်းကို ကျော်ဖြတ်ကာ အဆုံးသတ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
မနေ့ညက ယူရိုပါလိဂ်ပွဲတွေမှာ ကူဒက်စ်ရဲ့ သွင်းဂိုးက တော်တော်လေးကို ပြောစရာဖြစ်ခဲ့ပြီး ဒီဂိုးက တစ်ချိန်တုန်းက (၁၉၈၆) ကမ္ဘာ့ဖလားမှာ မာရာဒိုနာသွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့လည်း ဆင်တူတယ်လို့ ပြောနေကြပါတယ်။ ကူဒက်စ်ဟာ ဒီရာသီမှာ ဝက်စ်ဟမ်း ကွင်းလယ်အတွက် အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး သွင်းဂိုးတွေလည်း မကြာခဏ ရရှိနေတာဖြစ်ပါတယ်။