လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝတလျှောက်လုံး တောင့်တခဲ့တဲ့ ဆန္ဒကို နောက်ဆုံးမှာတော့ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့တောက်ပတဲ့ကစားသမားဘဝတလျှောက်လုံး ရှောင်ဖယ်နေခဲ့တဲ့ဆုဖလားဖြစ်ခဲ့တာဖြစ်ပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ တနင်္ဂနွေနေ့ညက ပြင်သစ်အသင်းနဲ့ သည်းထိတ်ရင်ဖို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီယေဂို မာရာဒိုနာရဲ့ သမိုင်းဝင်အောင်ပွဲနောက်ပိုင်း နိုင်ငံတကာအဆင့် အမြင့်မားဆုံး ဆုဖလားကြီးကို ပြန်လည်ရရှိဖို့အတွက် ၃၆ နှစ်အထိ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
၁၉၈၆ ခုနှစ်တုန်းက အာဂျင်တီးနားမှာ ဘုရားသခင်အဖြစ် သမုတ်ခြင်းခံခဲ့ရတဲ့ မာရာဒိုနာအတိုင်းပဲ လီယွန်နယ် မက်ဆီဟာ အသင်းဖော်တွေအားလုံးရဲ့ ပုခုံးပေါ် ထမ်းတင်ခြင်းခံခဲ့ရပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ဓာတ်ပုံဟာ ဂန္တဝင် ဓာတ်ပုံတစ်ပုံဖြစ်လာခဲ့တာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ မာရာဒိုနာရ့ အသင်းဖော်တွေရဲ့ ပုခုံးပေါ်မှာ ထိုင်ပြီး အောင်ပွဲခံနေတဲ့ ဓာတ်ပုံဟာ ဘောလုံးသမိုင်းတလျှောက်မှာ အထင်ကရအဖြစ်ဆုံး ဓာတ်ပုံတွေထဲက တစ်ပုံဖြစ်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့အသင်းဖော်ဟောင်း ဆာဂျီယို အဂွေရိုဟာ အဲဒီဓာတ်ပုံအတိုင်းဖြစ်လာစေဖို့ ဘာစီလိုနာကြယ်ပွင့်ဟောင်းကို ပုခုံးပေါ်ထမ်းတင်ခဲ့တာဖြစ်ပါတယ်။
လီယွ်နယ်မက်ဆီနဲ့ ဒီယေဂို မာရာဒိုနာတို့ထဲက ဘယ်သူက တသက်တာအကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံတွေကတော့ ဆက်လက်ရှိနေဦးမှာဖြစ်ပေမယ့်လည်း သေချာတဲ့အရာတစ်ခုကတော့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ၂ ဦးစလုံးဟာ အမြင့်မားဆုံးနေရာတစ်ခုမှာ ရပ်တည်နိုင်ခဲ့ကြတယ်ဆိုတာပဲဖြစ်ပါတယ်။