၂၀၂၃ အတွက် ဘလွန်းဒီအောဆုပေးပွဲကို လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပဲရစ်မှာ ကျင်းပသွားမယ့် ဒီဆုပေးပွဲကို အားလုံးက စိတ်ဝင်စားနေကြပြီး အဓိကအားဖြင့် ဟာလန်းနဲ့ မက်ဆီတို့ အားပြိုင်နေမှုမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ဆုပေးပွဲကျင်းပမယ့်နေ့ဟာ နာမည်ကျော် အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ မွေးနေ့ဖြစ်နေတာပါ။ ဒါဟာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပခဲ့တာလားဆိုတာလည်း စဉ်းစားစရာဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ဆုပေးပွဲကိုတော့ အောက်တိုဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီတကြိမ်မှာတော့ ရက်အနည်းငယ် နောက်ဆုတ်ထားခဲ့တာပါ။ မာရာဒိုနာကတော့ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးခဲ့သူဖြစ်ကာ ဘောလုံးလောကရဲ့ ဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရပြီး သူသာ အသက်ရှင်နေဦးမယ်ဆိုရင် ၆၃ နှစ်ပြည့် မွေးနေ့အဖြစ် ရှိလာမှာပါ။
မာရာဒိုနာဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလဆိုရင် သူ ကွယ်လွန်တာ ၃ နှစ်ပြည့်တော့မှာဖြစ်ပြီး အခု ဆုပေးပွဲကျင်းပမယ့်ရက်ဟာ သူ့ကို ဂုဏ်ပြုတာလို့ အားလုံးက ယူဆနေပါတယ်။
ဒီနှစ်အတွက် ဆုကိုတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးးနိုင်ခဲ့တဲ့ မက်ဆီနဲ့ မန်စီးတီးအတွက် ဖလားသုံးလုံးရရှိအောင် ကူညီပေးခဲ့ကာ ဂိုးပေါင်း ၅၀ ကျော် သွင်းယူထားတဲ့ ဟာလန်းတို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။