နယူးကာဆယ်နဲ့ ကစားရမယ့် ပွဲစဉ်မှာ တိုက်စစ်မှူးအန်သိုနီမာရှယ် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြချင်နေပေမယ့် ဒဏ်ရာကြောင့် ခဏခဏအနားယူနေရတဲ့ မာရှယ်ဟာ တန်ဟက်ဂျ်ရဲ့ အားကိုးရတဲ့ကစားသမားလို့ သတ်မှတ်ခံထားရပြီး အသင်းအတွက် ၃ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲမှာလည်း မာရှယ်က အရန်ခုံကနေ လူစားဝင်လာခဲ့ပြီး အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အိုမိုနီးယားနဲ့ပွဲမှာတော့ မာရှယ်က ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး နယူးကာဆယ်နဲ့ပွဲအတွက်အသင့်ဖြစ်နေတဲ့ အနေအထားကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်ရဲ့ ဝါရင့်တိုက်စစ်မှူးရော်နယ်ဒိုကို အရန်ခုံပြန်ထိုင်စေရမယ့် သတင်းလည်းဖြစ်လာခဲ့ပါတယ်။
"မာရှယ်က ကစားနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမယ့် လာမယ့်နာရီတွေအတွင်း သူ့တိုးတက်မှုကိုတော့ ကျနော်တို့ စောင့်ကြည့်ရပါဦးမယ်၊ မက်ဂွိုင်းယားကတော့ ပါဝင်နိုင်မှာမဟုတ်သေးပါဘူး၊ အကြာကြီးတော့ သူ မဟုတ်လောက်ပါဘူး၊ နောက်တပတ်ဆိုရင် သူ အသင်းနဲ့ လေ့ကျင့်ခန်းတောင် ပြန်ဆင်းနိုင်မယ်ထင်ပါတယ်" လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ မာရှယ်နေရာ အစားထိုးဝင်လာခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ဒီရာသီ တလုံးတည်းသော လိဂ်ဂိုးဖြစ်ပြီး ကလပ်ကစားသမားဘ၀မှာ သွင်းဂိုး ၇၀၀ ပြည့်စေခဲ့တာလည်းဖြစ်ပါတယ်။ အိုမိုနီးယားနဲ့ပွဲမှာလည်း ရော်နယ်ဒို ပွဲထွက်ခွင့်ရခဲ့ပေမယ့် မာရှယ် ပြန်ကစားနိုင်ရင်တော့ အရန်ခုံမှာသာ ပြန်ထိုင်ရဖွယ်ရှိနေပါတယ်။