ယူနိုက်တက်တိုက်စစ်ကစားသမား မာရှယ်လ်ရဲ့ အေးဂျင့် ဘိုလီက သူ့ကစားသမားကို အသင်းရဲ့ အသင်းကြီး လေ့ကျင့်ခန်း အစီအစဉ်တွေကနေ ဖယ်ရှားထားတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မာရှယ်လ်ဟာ လက်ရှိမှာ တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြုလုပ်နေတာပါ။
အဲ့ဒါကြောင့်လည်း ဆန်ချိုနဲ့ ဖြစ်ရပ်တုန်းကလိုမျိုး တန်ဟက်ခ်က မာရှယ်လ်ရဲ့ ခြေစွမ်းပိုင်းအပါအဝင် အခြားအချက်တွေကို မနှစ်သက်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ထားတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တကယ်တမ်းမှာတော့ မာရှယ်လ်က ဒဏ်ရာပြဿနာတွေကြောင့် တစ်ဦးတည်း သီးသန့် လေ့ကျင့်ခန်းဆင်းနေတာပါ။
မာရှယ်လ်ဟာ မကြာခဏ ဒဏ်ရာရရှိတတ်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိမှာ ယူနိုက်တက်က မာရှယ်လ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသည့်တိုင် အဆိုပါပြင်သစ် ကစားသမားကို စာချုပ်သစ်ချုပ်ဖို့ ယူနိုက်တက်ဘက်က ကြိုးစားခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဘိုလီကလည်း “မာရှယ်လ်က အသေးစားခွဲစိတ်ကုသမှုကို ခံယူခဲ့ရပါတယ်။ သူနဲ့ ပတ်သက်လို့ ပြောနေကြတဲ့ သတင်းတွေက လုံးဝကိုမှားပါတယ်။ သူ့ကို အသင်းကြီးလူစာရင်းကနေ ဖယ်ရှားထားတာမျိုးမရှိဘဲ နည်းပြနဲ့လည်း ဘာပြဿနာမှမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆန်ချိုကလည်း ယူနိုက်တက်မှာ နည်းပြတန်ဟက်ခ်နဲ့ ပြဿနာတက်ခဲ့တာကြောင့် အခုလိုမျိုး တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းရင်း အသင်းကြီးလူစာရင်းကနေ ဖယ်ရှားခံခဲ့ရဖူးပါတယ်။ အခုချိန်မှာတော့ ဒီအင်္ဂလန်လက်ရွေးစင် ကစားသမားက အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။