မာရှယ်လ်က ယူနိုက်တက်အတွက် ဆက်တိုက်ခြေစွမ်းပြနေတာပါ။

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်လ်တယောက် လက်ရှိ နွေရာသီခြေစမ်းပွဲမှာ အသင်းအတွက် ဆက်တိုက် ဂိုးသွင်းခြေစွမ်းပြနေခဲ့ပြီး ဒီကနေ့ညနေပိုင်းမှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာရှယ်လ်က အသင်းရရှိခဲ့တဲ့ သုံးဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။



မာရှယ်လ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းထွက်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာလည်း လာလီဂါကလပ် ဆီဗီလာကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ဆီဗီလာဘက်က မာရှယ်လ်ကို အပြီးသတ်ခေါ်ယူလိုခြင်းမရှိဘဲ ကစားသမားအနေနဲ့လည်း မန်ချက်စတာကို ပြန်လည်ရောက်ရှိလာပါတယ်။

အဲ့ဒီနောက် ယူနိုက်တက်နည်းပြသစ် တန်ဟက်ခ်လက်ထက်မှာ မာရှယ်လ် အခွင့်အရေးရခဲ့ပါတယ်။ မာရှယ်လ်ဟာ လီဗာပူး၊ မဲလ်ဘုန်းဗစ်ထရီတို့ကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာလည်း အသင်းအတွက် တဂိုးစီ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း အသင်းဖော် ဒါလော့ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာရှယ်လ်က ရင်ဘတ်နဲ့တချက်ထိန်းပြီး မြေမကျဘော လှလှပပကန်သွင်းခဲ့ပါတယ်။


မာရှယ်လ်ရဲ့ ခြေစွမ်းနဲ့သွင်းဂိုးအပေါ် ယူနိုက်တက်ပရိသတ်တွေက နှစ်ထောင်းအားရဖြစ်နေပါတယ်။ “ဘယ်လောက်တောင်လှလိုက်တဲ့ အသင်းလိုက်သွင်းဂိုးလဲ မာရှယ်လ်ရေ” “ဒီအတိုင်းသာ ဆက်သွားနေရင် မာရှယ်လ်ကို မိုနာကိုကနေ ခေါ်တုန်းက ဘလွန်းဒီအော်ရရင် ပေးရမယ့် အပိုဆုကြေးကို ပေးရတော့မယ်ထင်တယ်” “မာရှယ်လ်က ရော်နယ်ဒိုရဲ့နေရာကို ဖြည်းဖြည်းချင်း ယူနေပါပြီ”

“မာရှယ်လ်က ဟာလန်းနဲ့နူနက်ဇ်တို့ကိုပါ ကျော်တက်နိုင်ပါလိ့မ်မယ်” လို့ ပရိသတ်တွေက မှတ်ချက်ပြု ချီးကျူးနေကြပါတယ်။ ယူနိုက်တက်ဟာ မာရှယ်လ်ကို မိုနာကိုကနေ ခေါ်ယူခဲ့ချိန်တုန်းက ကစားသမားသာ ဘလွန်းဒီအော်ရခဲ့ရင် မိုနာကို,ကို အပိုဆုကြေးထပ်မံပေးချေရမယ်လို့ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားပြီး ပရိသတ်တွေကလည်း ဒီအချက်အပေါ်မှာ မကြာခဏ နောက်ပြောင်လေ့ရှိတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က