ဒီကနေ့ မနက်အစောပိုင်းက ရမ်းဗြဲမှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ပြီး ကားစပယ်ယာအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦးနဲ့ ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ ရမ်းဗြဲမြို့နယ်ရဲစခန်းမှသိရပါတယ်။
ရန်ကုန်ကနေ ကျောက်ဖြူကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကား ယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ(၂၀)ရက်နေ့ မနက်အစောပိုင်းမှာ ရမ်းဗြဲမြို့နယ်မှာ ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ ဖြစ်တာက ဒီကနေ့ မနက်အစောပိုင်းကဖြစ်တာ။ လက်တလောသေဆုံးသူက (၄)ဦးရှိတယ်။ ဒဏ်ရာရတဲ့ လူနာကလည်း (၂၀)လောက်ရှိမယ်။ လူနာတွေကိုတော့ ကျောက်ဖြူဆေးရုံကိုပို့ဆောင်ထားတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး" လို့ ရမ်းဗြဲမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
ယာဉ်မတော်တဆမှုက ဒီကနေ့ မနက်(၄)နာရီဝန်းကျင်လောက်က ရမ်းဗြဲမြို့နယ် ပိန္နဲတောင်အဆင်းမှာ ချောက်ထဲထိုးကျတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူ(၄)ဦးမှာ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်ပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကိုတော့ လက်ရှိမှာ စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။