လက်ရှိမှာ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ငယ်ဘဝမှာ McDonald က ဟမ်ဘာဂါအကျန်တွေကို စားသောက်ရင်း ဖြတ်သန်းခဲ့ရဖူးတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းတွေကိုတော့ ရော်နယ်ဒိုရဲ့ ငယ်ပေါင်းတစ်ယောက်ဖြစ်တဲ့ ဖေဘီယိုပိန်းက ဖွင့်ဟခဲ့တာပါ။
သူတို့နှစ်ယောက်ဟာ စပို့တင်းလစ္စဘွန်း အကယ်ဒမီမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ နှစ်ယောက်စလုံးက မတူညီတဲ့ လမ်းကြောင်းတစ်ခုစီမှာ လျှောက်လှမ်းနေကြပါတယ်။ ပိန်းဟာ ရော်နယ်ဒိုထက် (၃) နှစ်ငယ်ရွယ်ပြီး ကွင်းပြင်ပမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။
ငယ်ဘဝနဲ့ ပတ်သက်လို့ ပိန်းက “ကျွန်တော်တို့ စပို့တင်းမှာ ကစားနေခဲ့တုန်းက အသင်းရဲ့ အကယ်ဒမီ၊ အသင်းရဲ့ ဘောလုံးကွင်းမှာ နေခဲ့ရတာပါ။ ညဘက်ဆိုရင် ကျွန်တော်တို့က McDonald ဆိုင်ကိုသွားပြီး သူများမစားချင်လို့ ကျန်တဲ့၊ ရောင်းလို့လည်း မရတော့တဲ့ ဟမ်ဘာဂါတွေကို သွားစားခဲ့ကြတာပါ”
“ကျွန်တော်တို့ ဟမ်ဘာဂါစားဖို့ ညတိုင်း သွားခဲ့ကြပါတယ်။ စပို့တင်းကလည်း ဒါကို သိပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက အခုခေတ်လိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အပြင်ထွက်ပေးခဲ့တာပါ။ ကျွန်တော်နဲ့ ရော်နယ်ဒိုနဲ့က သူငယ်ချင်းတွေပါ။ သူငယ်ချင်းကောင်းတွေ မဟုတ်ခဲ့သည့်တိုင် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်”
“ယူရို-၂၀၀၄ မတိုင်ခင်က ကျွန်တော်တို့ အတူတူ ခရီးထွက်ဖူးပြီး ဘရာဇီးကို သွားခဲ့တာပါ။ အဲ့ဒါက ကျွန်တော့်အတွက် ဘရာဇီးကို ပထမဆုံးရောက်ခဲ့ဖူးတာပါ။ ရော်နယ်ဒိုအတွက်လည်း ပထမဆုံးယူရိုပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်လည်း လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ခဲ့ပေမယ့် အဲ့ဒီတုန်းက ပွဲကစားဖို့ အရမ်းငယ်ရွယ်ခဲ့ပြီး အသက်သာကြီးခဲ့ရင် ကျွန်တော် ကစားခွင့်ရနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။