မဒီတို့ရေ…ကိုယ်တို့ အမျိုးသမီးတွေတိုင်းမှာ ကိုယ်ချစ်တာထက် ကိုယ့်ကို ပိုချစ် ၊ ပိုယုယ ၊ ပိုမြတ်နိုးပြီး ကိုယ်တွေရဲ့ အသည်းနှလုံးကို ဘယ်တော့မှ ခွဲမသွားမယ့် အမျိုးသားတစ်ယောက်ရှိပါတယ်။
မိန်းကလေးတစ်ယောက် ဘဝတစ်ခု စတင်ဖြစ်တည်ချိန်ကစ သေဆုံးသွားသည့်ထိ အမြဲ မပြတ်ချစ်နိူင်သူ ၊ ထာဝရ မြတ်နိုးနိုင်သူတစ်ဦးပဲရှိပါတယ်။ အဲဒီသူက ကျွန်မတို့တွေရဲ့ ပါးပြင်ကို မျက်ရည်ဖြတ်သန်းခွင့်မပေးဘဲ အမြဲ မျက်ရည်သုတ်ပေးမယ့်သူပါ။
အဲဒီလိုမျိုး မိန်းကလေးတိုင်းအတွက် နွေးထွေးလုံခြုံအပြည့်အဝပေးနိုင်သူက တခြားသူမဟုတ်ပါဘူး.. ဖေဖေပါပဲ။
ဖေဖေ့ရဲ့ ကျွေးမွေးပြုစုစောင့်ရှောက်မှုတွေနဲ့ လူလားမြောက်လာတဲ့ ကျွန်မတို့တွေဟာ ငယ်ဘဝတစ်လျှောက်လုံးမှာ ဖေဖေ့ကို ဒီလောကကြီးထဲ အားအကိုးရဆုံး ၊ ယုံကြည်ရဆုံး ၊ စမတ်အကျဆုံး အမျိုးသားတစ်ယောက်အဖြစ် ယုံကြည်ရင်း ကြီးပြင်းလာခဲ့ကြတာပါ။
မျက်နှာတည်တဲ့ ဖေဖေပိုင်ဆိုင်ထားသူတွေက ကြောက်ရွံ့ရိုသေမှုတွေနဲ့ ချစ်ခင်အားကိုးရသလို ပျော်ပျော်နေတတ်တဲ့ ဖေဖေကို ပိုင်ဆိုင်ထားသူတွေကလည်း သူငယ်ချင်းလို ယုံကြည်အားကိုးမှုတွေနဲ့ ချစ်ခင်ပျော်ရွှင်ခဲ့ရတာပါပဲ။ ဘယ်လို အဖေမျိုး ဖြစ်ပါစေ။ ကိုယ့်သားသမီးအပေါ်ကိုတော့ စိုးရိမ်မှုအပြည့်နဲ့ စောင့်ရှောက်တတ်သူ၊ ရင်အုပ်မကွာ ထိန်းသိမ်းလိုသူ၊ ချစ်ခြင်းမေတ္တာ အပြည့်အဝ ထားရှိတတ်သူတွေချည်းပါပဲ။
တကယ်တော့ အဖေတွေအများစုက အရွယ်ရောက်ပြီးတဲ့ သားသမီးကို ချစ်တယ်လို့ ပြောဖို့ စိုးရွံ့တတ်ပါတယ်။ သားသမီးတွေကလည်း အမေကို ချစ်တယ်လို့သာ ပြောကြတာ အဖေကိုတော့ ပြောဖို့ မဝံ့မရဲဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုနေ့လေးမှာဖြစ်ဖြစ် အဖေ့ကို ချစ်ကြောင်း ထုတ်ဖော်ပြောကြဖို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါရစေ။