မိုးတွင်းကို ကြိုက်နှစ်သက်ကြတဲ့ မဒီတွေအတွက်တော့ မိုးတွင်းဆိုတာ ကြည်နူးစရာ ၊ စိတ်ကူးယဉ်စရာကောင်းတဲ့ ရာသီပါပဲ။ တချို့မဒီတွေဆိုရင် မိုးရေထဲ လမ်းလျှောက်ရတာ ၊ ရွာနေတဲ့ မိုးစက်ပွင့်တွေကိုကြည့်ပြီး တွေးရ စိတ်ကူးယဉ်ရတာ ၊ ကော်ဖီပူပူလေးသောက်ရတာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ မိုးတွင်းကို ဘယ်လောက်နှစ်သက်တယ်ပြောပြော ကိုယ့်ကျန်းမာရေးလည်း ကိုယ် ဂရုပြုရဦးမှာပါ။ ဒီတော့ မဒီတို့အတွက် အထူးသဖြင့် မိုးကို ချစ်ကြတဲ့ မဒီတွေအတွက် ကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။
မိုးရေမစိုပါစေနဲ့
မိုးတွင်းပါဆိုမှ မိုးရေစိုမှာပေါ့လို့ စောဒကတက်ချင်စရာပါပဲ။ အထူးသဖြင့်တော့ မိုးရေထဲ လမ်းလှျှောက်တာမျိုးပါ။ တကယ်တော့ မိုးရေဆိုတာ ကျန်းမာရေးအတွက် မကောင်းတဲ့အရာပါ။ မိုးရေစိုတာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အအေးမိတာနဲ့ အလွယ်တကူ ရောဂါပိုးကူးစက်ခံရနိုင်တာပါပဲ။
အစားအစာတွေကို သတိပြုပါ
မိုးတွင်းမှာတော့ လမ်းဘေးစာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်စေချင်ပါတယ်။ ဒီလိုမိုးတွင်းတွေမှာ လမ်းတွေဟာ အမြဲလိုလို ရေလွှမ်းနေတာမျိုး ၊ ရေအိုင်နေတာမျိုးတွေ ရှိတတ်ပါတယ်။ လမ်းဘေးမှာ ခင်းကျင်းထားတဲ့ အစားအစာတွေက ဒီလို မိုးတွင်းမှာ သန့်ရှင်းမှုရှိပါလိမ့်မယ်လို့ လက်ခံချင်ပါရဲ့လား။ နောက်ထပ်ရှောင်ကြဉ်ရမှာကတော့ ဟင်းသီးဟင်းရွက်တွေ နဲ့ မှိုတွေပါ။ ခေါင်းရှုပ်သွားပါသလား။ ဟုတ်ပါတယ်။ လူတိုင်းက ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် သင့်တော်တယ်လို့ တွေးထင်ကြပါတယ်။ ဒါပေမယ့် မိုးတွင်းမှာတော့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေဟာ မိုးတွင်းမှာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ တကယ်လို့ ဟင်းသီးဟင်းရွက်ကို စားချင်လွန်းတယ်ဆိုရင်တောင် ဒီရာသီမှာ သေချာအထပ်ထပ်ဆေးကြောသန့်စင်ပြီး သေချာကျက်အောင် ချက်ပြီး စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။
နောက်ထပ်ရှောင်ကြဉ်ရမှာကတော့ သစ်သီးဖျော်ရည်တွေပါ။ ဒီရာသီမှာ သစ်သီးဖျော်ရည်ကိုရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ အရမ်းသောက်ချင်တယ်ဆိုရင် အိမ်မှာ လတ်လတ်ဆတ်ဆတ်သစ်သီးကို ချက်ချင်းခွဲ ချက်ချင်း ဖျော်စက်ထဲထည့်ပြီး သောက်မှသာ ကျန်းမာရေးအတွက် စိတ်ချရမှာပါ။
ငါး၊ ပုဇွန် စတဲ့ ပင်လယ်စာတွေကိုလည်း ရှောင်ကြဉ်ရမှာပါ။ စားချင်သပဆိုရင်တောင် သေချာချက်ပြုတ်ကျော်လှော်ပြီးမှ စားသုံးသင့်ပါတယ်။ မိုးတွင်းဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အထူးသတိထားရမယ့်ရာသီပါ။ ဒီရာသီမှာ ဆီကြော်မုန့်တွေ စားသုံးခြင်းကိုလည်း ရှောင်ကြဉ်ရမှာပါ။ ဆီကြော်မုန့်အများစုက ဆားပါဝင်မှုများပါတယ်။ ဒီရာသီမှာ စားသုံးမိမယ်ဆိုရင် အစာအိမ်ကို ဒုက္ခရောက်နိုင်ပါတယ်။ ဒီရာသီဟာ ဘက်တီးရီးယား နဲ့ အင်းဆက် ပိုးမွှားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တဲ့ ရာသီဖြစ်တဲ့အတွက် အစားအသောက်ပိုင်းဆိုင်ရာကို အထူးဂရုပြုသင့်ပါတယ်။ အစားအစာတွေကို သေချာ ဆေးကြော ချက်ပြုတ်ကျော်လှော်ပြီးမှ စားသုံးသင့်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ရေကို အရင်ကထက် ပိုသောက်ပေးပါ။ ဒီရာသီက ရေမဆာတတ်ဘူးဆိုပေမယ့် ရေကိုတော့ သတိတရ သောက်နေပေးဖို့ လိုပါတယ်။
ရေစိုဝတ်တွေကို အမြန်လဲပါ
ရေစိုကြီးနဲ့ အကြာကြီး မနေပါနဲ့ ။ ညစ်ပေပြီး ရေစိုနေတဲ့အဝတ်တွေဟာ ဘတ်တီးရီးယားတွေ နဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ ဒီလို ရေစိုအဝတ်တွေဟာ အရေပြားကျန်းမာရေးပြဿနာတွေရဲ့ အရင်းခံပါပဲ။ မိုးရာသီမှာ ဘယ်လိုအရေပြားရောဂါတွေဖြစ်တတ်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။
လက်ညစ်ပတ်နေချိန်မှာ မျက်နှာကို ထိမိတာမျိုးရှောင်ပါ
များသောအားဖြင့်တော့ လက်ညစ်ပတ်နေချိန်မှာ မျက်နှာကို ထိတွေ့တာမကောင်းတဲ့ လုပ်ရပ်ပါ။ မိုးတွင်းဆိုရင် ပိုတောင်သတိထားသင့်ပါသေးတယ်။ ဒီလို လက်ညစ်ပတ်ကြီးနဲ့ မျက်နှာကို ထိတွေ့မိတယ်ဆိုရင် တုပ်ကွေးလို ရောဂါမျိုးကိုတောင် ရစေနိုင်ပါတယ်။
ခြင်ကိုက်မခံပါနဲ့
မိုးတွင်းဆို ခြင်တွေ သိပ်ပေါပါတယ်။ ခြင် ၊ ယင် နဲ့ အင်းဆက်ပိုးမွှားတွေဟာ မိုးတွင်းဆို ပိုလို့တောင်များလာပါတယ်။ မိုးတွင်းမှာ ခြင်ကိုက်ခံရပြီဆိုရင် ရောဂါတွေကူးစက်နိုင်သလို ငှက်ဖျားဖြစ်နိုင်တဲ့အထိ အကျိုးသက်ရောက်မှုများပါတယ်။
ဒီအချက်ကလေးတွေကို သတိထားရှောင်ကြဉ်မယ်ဆိုရင် မိုးတွင်းမှာ ကျန်းမာရေးဒေါင်ဒေါင်မြည်သူအဖြစ် မဒီလေး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ပါပြီ။