In partnership with  logo
မိန်းကလေးတွေလိုအပ်တဲ့ ပစ္စည်းတွေကို မမေ့မလျော့ထည့်ရပါမယ်။

အ‌ကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေကို သယ်ပြီး ထွက်ရတော့မယ်ဆိုရင် မိန်းကလေးတစ်ယောက်အတွက် ဘယ်လိုပစ္စည်းတွေ ထည့်ဖို့လိုအပ်မလဲ၊ အရေးပေါ်အိတ်တစ်လုံးကို ဘယ်လိုပြင်ဆင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။



၁။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ 

တစ်ခုခု အရေးအကြောင်းဆိုမှ စာရွက်စာတမ်းတွေ လိုက်ရှာနေမယ်ဆိုရင် တစ်ခုမဟုတ်တစ်ခုကတော့ ကျိန်းသေကျန်ခဲ့မှာသေချာပါတယ်။ ဒါ့ကြောင့် ပထမဦးဆုံးအနေနဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့ အရေးကြီးစာရွက်စာတမ်းတွေကို စုပြီး အရင်ဆုံးထည့်ထားတာအကောင်းဆုံးပါပဲ။ မှတ်ပုံတင် ၊လိုင်စင်၊ passport၊ ဘွဲ့လက်မှတ်စတာတွေကို ဖိုင်တစ်ခု ဒါမှမဟုတ် အိတ်တစ်ခုနဲ့ စုစုစည်းစည်းထားပြီးထည့်ပါ။ 

thespruce.com

၂။အဝတ်အစား 

အဝတ်အစားထည့်မယ်ဆိုရင်လည်း သယ်ရလွယ်ကူသလို ကိုယ့်အတွက် ဝတ်ရတာသက်သောင့်သက်သာရှိမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပြီး ထည့်သင့်ပါတယ်။ ချည်ထည်လို အဝတ်အစားတွေ၊ မိုးကာ၊ အတွင်းခံ၊ ဂျင်းဘောင်းဘီစတာတွေကို ထည့်ပါ။ မျက်နှာသုတ်ပုဝါ အသေးလေးတစ်ထည်ထည့်ထားနိုင်ရင် ပိုကောင်းပါတယ်။ 

အရေးပေါ်အိတ်မှာ အဝတ်အစားထည့်တာတွေနဲ့ပတ်သက်ပြီး ဘလော့ဂါတစ်ဦးဖြစ်တဲ့ Monica Berry က ခုလို အကြံပေးပါတယ်။ 

“ စကပ်တိုတို့ ၊ ဂါဝန်တို့ထက်စာရင် ဘောင်းဘီရှည်တွေထည့်ထားတာကောင်းတယ်။ (ချည်သားတို့ ၊ စတော့ကင်အသားတို့ ယူသွားတာကောင်းတယ်။ အဲဒီအသားတွေက အရမ်းလည်းမပူဘူး။ ခြင်ကိုက်တာ ၊ အကောင်ကိုက်တာတွေကိုလည်း ကာကွယ်ပေးတယ်။ အင်္ကျီဆိုလည်း တီရှပ်လေးပေါ့။ ဘောင်းဘီသုံးထည် ၊ အင်္ကျီသုံးထည် အဲ့လောက်တော့ ထည့်ထားရမယ်။ အောက်ခံကိုလည်း နေရာအရမ်းယူမယ့် ခွက်ကြီးတာတွေ ယူမယ့်အစား Sport Bra ကိုယူသင့်တယ်။ ညအိပ်ရင်ဝတ်ဖို့ပေါ့။ ရှင်မြီးလို အင်္ကျီယူသွားတာလည်းကောင်းတယ်။ ဘော်လီသုံးထည်၊ အောက်ခံဘောင်းဘီသံုးထည်လောက် ထည့်ထားတာကောင်းတယ်။ အနွေးထည် အပါးတစ်ထည်၊ အထူတစ်ထည်လည်း ထည့်ထားသင့်တယ်။ အရမ်းအေးရင်တော့ နှစ်ထည်လုံးဝတ်ထားလို့ရသလို အရမ်းမအေးရင်တော့လည်း အပါးလေးပဲ ဝတ်ထားရုံပေါ့။” 

၃။လစဉ်သုံးပစ္စည်း 

မိန်းကလေးတွေအတွက် လစဉ်သုံးပစ္စည်းကလည်း မပါမဖြစ်လိုအပ်ပါတယ်။ လစဉ်သုံးပစ္စည်းကို Pad အသုံးပြုနေကျသူတွေအနေနဲ့ကတော့ နှစ်ထုပ်လောက် သယ်သွားတာကောင်းပါတယ်။ Monica Berry ကတော့ အသုံးပြုရလွယ်ကူသလို သယ်ရလွယ်ကူတဲ့ cup ကို အသုံးပြုဖို့ အကြံပေးပါတယ်။ cup ကို အသုံးပြုမယ်ဆိုရင် နှစ်ခုလောက် ထည့်ထားဖို့ လိုပြီး အသုံးမပြုတတ်သေးဘူးဆိုရင်လည်း အသုံးပြုကြည့်ဖို့ သူက တိုက်တွန်းထားပါတယ်။  

၄။ဆေးဝါး 

ကျန်းမာရေးအတွက် လိုအပ်မယ့် ဆေးဝါးတွေကိုလည်း ထည့်ထားဖို့ လိုပါလိမ့်မယ်။ ပတ်တီး၊ ဂွမ်း၊ အရက်ပျံ၊ ပလာစတာကိုယ် အမြဲသောက်နေကျ ဆေးဝါးတွေ၊ အကိုက်အခဲပျောက်ဆေးတွေထည့်ထားဖို့ လိုပါတယ်။ အရေးပေါ်ဆေးအိတ်လေးတွေ ထည့်ထားတာမျိုးလည်း လုပ်နိုင်ပါတယ်။ 

“အခုက ကိုဗစ်တွေ ဘာတွေဖြစ်နေတဲ့အချိန်ဖြစ်နေတော့ mask ဗူးလည်း ဆောင်ထားသင့်တယ်။ အခု ၅၀ ပါတဲ့ mask အထုပ်လေးတစ်ထုတ်တော့ ထည့်ထားပေါ့။ ပြီးရင် Hand Gel ဒါမှမဟုတ် အရက်ပြန် spray ဖြန်းတဲ့ဟာမျိုးတွေ ထည့်ထားဖို့ လိုတယ်။ တချို့ နေပူထဲအရမ်းသွားရင် ခေါင်းကိုက်တတ်တဲ့သူတွေ၊ period cramps ဖြစ်တတ်တဲ့သူတွေအနေနဲ့လည်း ဆေးလေးတွေ ထည့်ထားသင့်တယ်။ အများကြီးမဟုတ်ရင်တောင် တစ်ကဒ်လောက်ပေါ့။ ကိုယ်နေမကောင်းတအားဖြစ်နေတယ်၊ မသက်သာတော့ဘူး၊ ဆေးသောက်မှဖြစ်တော့မယ်ဆိုရင် ဆေးဝယ်လို့ အဆင်မပြေဖြစ်မှာစိုးလို့ အကိုက်အခဲပျောက်ဆေးလေး တစ်ကဒ်၊ အစာအိမ်မကောင်းတဲ့ သူဆိုလည်း အစာအိမ်နဲ့ ပတ်သက်တဲ့ဆေးတစ်ကဒ် ကိုယ်သောက်နေကျဆေးလေးတွေ တစ်ကဒ်ဆီတော့ ထည့်ထားပေါ့။”လို့ ဘယ်လိုဆေးဝါးတွေ ထည့်ထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး Monica Berry က ပြောပြပါတယ်။ 

 

intermountainhealthcare.org

၅။ဆပ်ပြာနဲ့ တကိုယ်ရည်သုံးပစ္စည်းများ

ကိုယ့်ရဲ့ သန့်ရှင်းရေးအတွက်လည်း ဆပ်ပြာ၊ မျက်နှာသစ်၊ ခေါင်းလျှော်ရည် ၊ သွားတိုက်ဆေး ၊ သွားပွတ်တံ စတာတွေကို ထည့်ဖို့လည်း မမေ့ပါနဲ့နော်။ ဒီလိုအရာတွေကို ထည့်တဲ့အခါမှာ ဗူးတွေကို ညှစ်ဗူးတွေထက် အဖုံးအပိတ်လေးတွေ ပါတဲ့ ဗူးတွေကို ထည့်တာက လွယ်အိတ်ထဲ ဖိတ်စင်တာမျိုးတွေ မဖြစ်နိုင်တော့ဘူးလို့ Monica က အကြံ‌ပေးပါတယ်။ 

“Skincare တွေ မယူသွားနိုင်ရင်တောင်မှ အလှဆီတို့ vaseline တို့လို အဆီလေးတစ်ခုခုတော့ ထည့်သွားသင့်တယ်။ အသားပပ်တာတွေ၊ အနာဖြစ်တာတွေ၊ နှုတ်ခမ်းခြောက်တာတွေအတွက် သုံးလို့ရတယ်။” 

၆။ဖုန်း နဲ့ လျှပ်စစ်ပစ္စည်းတချို့ 

ဖုန်း ၊ အားသွင်းကြိုး ၊ Power Bank စတာတွေကိုလည်း မမေ့မလျော့ထည့်ဖို့ သတိပေးပါရစေ။ အရေးကြုံလာတဲ့အခါ ဖုန်းနဲ့ ဆက်သွယ်ဖို့ လိုအပ်လာတဲ့အခါမျိုးတွေမှာ ဖုန်းကျန်ခဲ့တယ်ဆိုတာမျိုး မဖြစ်ရလေအောင်ပါ။ ဓာတ်မီးတို့ ၊ ရေဒီယိုတို့ ထည့်နိုင်ရင်တော့ ပိုကောင်းပါတယ်။ 

၇။စားစရာအခြောက်အခြမ်းများ 

ဗိုက်ကိုတော့ မဆာနဲ့လို့ တားထားလို့ ရမှာမဟုတ်ပါဘူး။ အရေးပေါ်အခြေအနေမှာ ဘယ်သူ့ဆီမှ သွားတောင်းယူစားသောက်လို့ မရနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် အခြောက်အခြမ်းတွေကို ထည့်ထားဖို့ လိုပါတယ်။ ချောကလက်တွေ၊ ဆီသွတ်ဗူးတွေ၊ ဘီစကစ်တွေ စတဲ့ အထားခံနိုင်ပြီး အာဟာရလည်းဖြစ်မယ့်အစားအစာတွေကို နှစ်ပတ်စာ ရွေးချယ်ထည့်ထားဖို့ လိုအပ်ပါတယ်။ 

usnews.com

၈။ဓါးနဲ့ မီးခြစ် 

အရေးပေါ်အတွက် လိုအပ်လာတဲ့ အခြေအနေအတွက် ထည့်ထားသင့်ပါတယ်။ ဒီအရာတွေဟာ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်လည်း ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့နေရာမှာလည်း အသုံးတည့်ပါလိမ့်မယ်။ 

၉။ရေဗူး 

ရေဗူးကိုလည်း ထည့်ထားတာ အကောင်းဆုံးပါပဲ။ ရေအသက် တစ်မနက်လို့ စကားရှိတဲ့အတိုင်း ရေဗူးကို အိတ်ထဲ ထည့်ထားတာက လိုအပ်တဲ့အခါ သောက်နိုင်သလို ‌ေရကုန်သွားရင်လည်း တစ်နေရာရာကနေ ခပ်ယူလို့ ရနိုင်ပါသေးတယ်။ 

“အရေးပေါ်အိတ်ဆိုတဲ့အတိုင်း အလောတကြီး သွားရမယ့်အခါကျရင် ကောက်သယ်သွားရမယ့်အိတ်ဆိုတော့ အများကြီးမထည့်ဖို့တော့လိုတယ်။ နိုင်ငံခြားကို အပျော်ခရီးသွားမှာမဟုတ်ဘူးဆိုတော့ သက်သောင့်သက်သာရှိဖို့ ၊ သွားရလာရသယ်ရလွယ်ကူအောင် ထည့်ဖို့တော့ လိုတယ်။ ပစ္စည်းတွေကို အများကြီးထည့်တာမဟုတ်ဘဲ ကိုယ်လိုသလောက်ပဲ ထည့်ပြီးတော့ ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါးဖြစ်အောင် သယ်ဖို့ လိုတယ်။ အိတ်ကိုတော့ လွယ်အိတ်အကြီးကြီးတွေက ပိုအဆင်ပြေတယ်။luggage တွေအစား အရင်တုန်းက foreign တွေ လွယ်လေ့ရှိတဲ့ အိတ်ကို သုံးတာကတော့ အကောင်းဆုံးပဲ။ ဒါပေမယ့် အဲဒီအိတ်ကြီး အပြည့်တော့ မထည့်နဲ့ပေါ့နော်။” 

လို့ Monica Berry က အကြံပေးပါတယ်။ 

ဒီအရာတွေကတော့ အ‌ရေးပေါ်အိတ်ထဲမှာ မဒီတို့ ထည့်ထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်၊ ဒီပစ္စည်းတွေ စုံစုံလင်လင် ထည့်ထားတယ်ဆိုရင် အရေးပေါ်အခြေအနေမှာ ကောက်လွယ်လိုက်ရုံဖြစ်တဲ့အတွက် အရေးကြီးပစ္စည်းတွေ ကျန်ခဲ့မှာစိုးလို့ စိတ်ပူပင်ပြီး နောက်ဆံတင်းနေတာတွေ မဖြစ်နိုင်တော့ပါဘူးနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က