အနားမှာ အကောင်းဆုံးပြုစုစောင့်ရှောက်သူရှိနေသလိုပါပဲ။

ရေနွေးအိတ်ကို အမျိုးသမီးတော်တော်များများ ဆောင်ထားကြမှာပါ။ အထူးသဖြင့် ရာသီလာချိန်မှာ ကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေအဖို့ ရေ‌နွေးအိတ်ဟာ အကောင်းဆုံး ဆရာဝန်ပါပဲ။ ဒါတင်မက ရေနွေးအိတ်ဟာ အမျိုးသမီးတွေအတွက် ဘယ်လောက် အသံုးဝင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။ 



၁။ရာသီလာချိန် ကိုက်ခဲမှုဝေဒနာကို သက်သာစေတယ် 

ဒါကတော့ အမျိုးသမီးတိုင်း သိတဲ့ အသုံးဝင်မှုတစ်ခုပါပဲနော်။ ရာသီလာချိန်မှာ တချို့အမျိုးသမီးတွေဟာ မခံမရပ်နိုင်အောင် ဝမ်းဗိုက်မှာ အောင့်ပြီး ကိုက်ခဲနေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်လိုက်ခြင်းအားဖြင့် ကိုက်ခဲမှုဝေဒနာကို သက်သာစေပါတယ်။ 

အမျိုးသမီးတွေ ‌ရေနွေးအိတ်ဆောင်သင့်တဲ့ အဓိကအကြောင်းရင်းကို ဒေါက်တာစိမ့်စမ်းဖြူက “အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါမှာ ကြုံရတဲ့ နာကျင်ကိုက်ခဲမှုတွေ၊ ဗိုက်အောင့်တာတွေပေါ့။ လူ့ခန္ဓာကိုယ်က အရမ်းနာလာတဲ့အခါမှာ အပူ (ဒါမှမဟုတ်) အအေးဓာတ်ပေးလိုက်ရင် အာရုံကြောတွေက အပူကို ပိုထိတွေ့သွားပြီး နာကျင်တာတွေကို လွှမ်းသွားတယ်။ အဲဒါကြောင့်မို့ အပူက ဗိုက်အောင့်တာတွေ၊ ကိုက်ခဲတာတွေကို သက်သာစေတယ်လို့ ယူဆကြတယ်။ တချို့တွေကျတော့ ဗိုက်အောင့်တာ ၊ သားအိမ်ကိုက်ခဲတာတွေကြောင့်မဟုတ်ဘဲ ဇက်ကြောတွေတက်တာ ၊ နောက်ကြောတွေတက်တာ ၊ ကြွက်သားတွေနာတာ ၊ ခါးနာတဲ့အခါတွေမှာလည်း ရေနွေးအိတ်သုံးလို့ရတယ်။ ကျီးပေါင်းတက်တာတွေကိုတောင် ရေနွေးအိတ်ကပ်တာမျိုးပြုလုပ်ဖို့ အကြံပေးဖြစ်တဲ့အတွက် အိမ်တိုင်းမှာ ‌ရေနွေးအိတ်ရှိတာက အသုံးဝင်ပါတယ်။” လို့ ပြောပြပါတယ်။ 

၂။အူမကြီးဆိုင်ရာ ပြဿနာတွေကို သက်သာစေတယ် 

တကယ်လို့ ကိုယ့်ဆီမှာ အူမကြီးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် နာကျင်ဝေဒနာခံစားနေရတယ်ဆိုရင် ရေနွေးအိတ်က ဆေးသောက်စရာမလိုဘဲ သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အူမကြီးဆိုင်ရာ ကျန်းမာရေးပြဿနာဟာ ဝမ်းဗိုက်ကို ခံရခက်လောက်အောင် နာကျင်စေပါတယ်။ ဒီလို နာကျင်နေတဲ့နေရာမှာ ရေနွေးအိတ်လေးကို ကပ်ပြီး လှဲအိတ်နေမယ်ဆိုရင် နာကျင်ခံရခက်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။  

hotwaterbags.com

၃။ကြွက်သားနာကျင်မှုကို သက်သာစေတယ် 

လှုပ်ရှားမှု များလို့ဖြစ်ဖြစ် ၊ လေ့ကျင့်ခန်းအလုပ်လွန်လို့ ဖြစ်ဖြစ် ကြွက်သားတွေ နာကျင်ကိုက်ခဲနေတယ်ဆိုရင်လည်း ရေနွေးအိတ်နဲ့ သက်သာအောင် ပြုလုပ်လို့ရပါတယ်။ တင်းနေတဲ့ ကြွက်သားကြောတွေကို ရေနွေးအိတ်က ပြေလျော့အောင် လုပ်ပေးနိုင်ပါတယ်။ 

၄။ခါးနာခြင်း၊ ကျောနာခြင်းကို သက်သာစေတယ် 

တစ်နေကုန် အလုပ်လုပ်နေရလို့ ၊ လမ်‌းလျှောက်နေရလို့ ၊ နေထိုင်မှု ပုံစံမမှန်လို့ တစ်ခါတလေမှာ ကျောနာနေတာတွေ ၊ ခါးနာနေတာတွေလည်းဖြစ်တတ်ပါတယ်။ ညအိပ်ယာမဝင်ခင်မှာ နာနေတဲ့နေရာလေးကို ရေနွေးအိတ်လေးကပ်ထားပေးမယ်ဆိုရင် နောက်နေ့မှာ နာကျင်မှုတွေ သက်သာပျောက်ကင်းသွားမှာပါ။ 

၅။လည်ပင်းနာခြင်းကိုလည်း သက်သာစေတယ် 

ရေနွေးအိတ်ဟာ လည်ပင်းနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ကွန်ပျူတာရှေ့မှာ ကြာမြင့်စွာ အလုပ်လုပ်ရတာ ၊ စာဖတ်များသွားတာ ၊ အိပ်ချိန် ပုံစံမမှန်တာတွေကြောင့် ဖြစ်တတ်တဲ့ လည်ပင်းနာခြင်းတွေကိုလည်း ရေနွေးအိတ်ကပ်ပေးရုံနဲ့ သက်သာစေပါတယ်။ 

ရေနွေးအိတ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုလည်း ဒေါက်တာစိမ့်စမ်းဖြူက ခုလို ရှင်းပြပါတယ်။ 

“ရေနွေးအိတ်ရဲ့ ကောင်းတဲ့အချက်တွေကတော့ သူက Electric plug လေးတွေနဲ့ ထိုးတဲ့အခါကျတော့ ကြိုက်သလောက် Duration အချိန်မှာ အပူတောက်လျှောက်ပေးထားလို့ရတယ်။ မကောင်းတဲ့အချက်က ဘာလဲဆိုတော့ ကိုယ်သုံးတဲ့အိတ်ရဲ့ ကွာလတီပေါ့။ ရေနွေးအိတ်တွေက ကြိုးတွေက ရှော့ဖြစ်တာဖြစ်စေ၊ လျှပ်စစ်နဲ့မဟုတ်တဲ့အိတ်တွေဆိုရင် အိတ်ပေါက်တာတွေက နာတာထက် ပိုဆိုးပြီး အပူလောင်တဲ့ ပြဿနာပိုဖြစ်လာမှာပေါ့။ ပိုပြီးတော့ ပိုဆိုးသွားနိုင်တဲ့ အားနည်းချက်ရှိတယ်။ အဲဒီတော့ ကိုယ်က ရေနွေးအိတ်သုံးမယ်ဆိုရင် နည်းနည်းလေး ကွာလတီကောင်းပြီး စိတ်ချရမယ့်အရာမျိုးကို ရွေးချယ်စေချင်တယ်။”  

၆။နွေးထွေးတဲ့အိပ်ယာအဖြစ် ဖန်တီးပေးနိုင်တယ် 

အရမ်းအေးတဲ့ရာသီမှာ အေးလွန်းလို့ အိပ်မရတဲ့ ညတွေမှာဆိုရင် နွေးထွေးတဲ့ အိပ်ယာကလေးဖြစ်သွားအောင် ပြုလုပ်နိုင်ပါသေးတယ်။ ကိုယ် မအိပ်ခင် ရေနွေးအိတ်ကို ၁၅ မိနစ်လောက် ကြိုတင် အိပ်ယာပေါ်တင်ထားရုံနဲ့ နွေးထွေးတဲ့ အိပ်ယာပေါ်မှာ အိပ်စက်ခွင့်ရသွားမှာဖြစ်ပါတယ်။ 

hotwaterbags.com

၇။စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တယ် 

ရေနွေးအိတ်က စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ အရမ်းစိတ်ဖိစီးပြီး စိုးရိမ်ပူပန်မှုတွေ များနေတဲ့အခါမျိုးတွေမှာ အနားယူလိုက်ရတာကလည်း စိတ်အပန်းပြေမှုတစ်မျိုးပါပဲ။ ‌ရေနွေးအိတ်ကို ဖက်ပြီး အိပ်ပေးခြင်းက စိတ်ဖိစီးမှုတွေကို လျှော့ပါးစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ 

၈။ကိုယ်ဝန်ဆောင်စဉ် ကိုက်ခဲနာကျင်မှုတွေကိုလည်း လျှော့ပါးစေတယ် 

ရေနွေးအိတ်ဟာ ကိုယ်ဝန်ဆောင်သည်တွေအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ အကိုက်အခဲဝေဒနာတွေကိုလည်း ရေနွေးအိတ်လေး ကပ်ပေးပြီး ဖြေလျော့လို့ ရပါသေးတယ်။ 

ဒီလို အဖက်ဖက်က အသုံးဝင်တဲ့ ရေနွေးအိတ်ဟာ ဈေးလည်း မကြီးတာကြောင့် မဒီတို့အိမ်တိုင်းမှာ အဖော်မွန်သူငယ်ချင်းအဖြစ် ခေါ်ထားဖို့ အကြံပေးပါရစေ။

Share

Loading Next Article...
က္က