WESG မှာ မြန်မာအသင်းကို အနိုင်ရရှိခဲ့သူ ဖိလစ်ပိုင်အခြေစိုက် Esports အသင်း TNC ဟာ Dota 2 ရာသီသစ်ရဲ့ ပထမဆုံးမေဂျာပြိုင်ပွဲ MDL Chengdu Major ကိုလည်း အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

   2019-2020 DPC Season ရဲ့ ပထမဦးဆုံး မေဂျာဖြစ်တဲ့ MDL Chengdu Major ကို နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံမှာကျင်းပခဲ့ပါတယ်။ Major ပြိုင်ပွဲဖြစ်တာနဲ့အညီ ဆုကြေးငွေ ဒေါ်လာ ၁ သန်းအပြင် The International ဝင်ခွင့်ကိုအဆုံးအဖြတ်ပေးမယ့် DPC အမှတ် ၁၅၀၀၀ ကိုပါချီးမြှင့်ခဲ့ပါတယ်။


ဒီပြိုင်ပွဲမှာတော့ ဒေသပေါင်းစုံက အသင်းပေါင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကာ Southeast Asia Region ရဲ့ အကောင်းဆုံးအသင်းလို့ဆိုရမယ့် TNC အသင်းက ဗိုလ်စွဲခဲ့ပါတယ်။



         TNC ဟာ ဒီပြိုင်ပွဲမှာ Upper Bracket Final မှာ Vici Gaming ကို 2:0 နဲ့ရှုံးတဲ့ပွဲကလွဲရင် ရှုံးပွဲမရှိခဲ့တဲ့အသင်းပါ။ Lower Bracket Final မှာတော့ Evil Geniuses ကိုအနိုင်ရရှိကာ နောက်တစ်ဆင့်တက်လာတဲ့ Invictus Gaming ကို 2:0 နဲ့အပြတ်အသတ်အနိုင်ယူကာ Grand Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။


Grand Final မှာတော့ သူတို့ကို Lower Bracket ပို့ခဲ့တဲ့ Vici Gaming အသင်းနဲ့တွေ့ဆုံကာ BO5 ဆော့ကစားခဲ့ရပါတယ်။ TNC အသင်းက Game 1 နဲ့ Game 2 မှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး Game 3 မှာတော့ ပွဲအဆုံးအဖြတ်ဖြစ်စေမယ့် အမှားတချို့ကိုပြုလုပ်ခဲ့တာကြောင့် Vici Gaming က အနိုင်ရရှိသွားခဲ့ပါတယ်။ Game 4 မှာတော့ Vici Gaming ဘက်ကမ Ban လိုက်တဲ့ Morphling နဲ့ Earthshaker Combo အပြင် Disruptor+ Naga Combo ကိုပါတွဲကိုင်ပြီး ပွဲကိုလှလှပပအနိုင်ရယူနိုင်ခဲ့ပါတယ်။

         ဒီမေဂျာဟာ TNC အသင်းဖွဲ့စည်းခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးအနိုင်ရရှိတဲ့ မေဂျာပါ။ TNC ကတော့ ဒီ Season အစမှာ တာထွက်ကောင်းနေပြီဖြစ်ပြီး သူတို့တစ်ခါမှမရရှိခဲ့တဲ့ အသင်းကြီးတစ်သင်းအဖြစ်ကိုရောက်ရှိနေပါပြီ။ Gosugamer ရဲ့ Dota 2 အသင်း Ranking မှာလည်း ကမ္ဘာ့နံပါတ် ၁ အသင်းအဖြစ် OG, Vici Gaming အသင်းတို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ အမြဲတမ်းလိုလို ဖျက်မြင်းအသင်းအဆင့်သာရှိခဲ့တဲ့ SEA Dota ရဲ့အဆင့်အတန်းကို TNC တို့ တန်းမြှင့်ပေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။


         TI9 အလွန်ကာလမှာ အသင်းကြီးတော်တော်များများ အနားယူနေတဲ့ အခွင့်အရေးကောင်းကို TNC တို့က အမိအရဆုပ်ကိုင်ပြီး Major တစ်ခုကိုရအောင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမေဂျာကိုအနိုင်ရရှိတဲ့အတွက် ဆုကြေးငွေဒေါ်လာ ၃ သိန်းနဲ့ 4850 DPC Point တို့ကိုရရှိသွားခဲ့ပါပြီ။ တကယ်တော့ SEA ကိုယ်စားပြုအသင်း Major ရတာ ဒါ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။

Dota Asia Championship 2018 Major ပြိုင်ပွဲမှာလည်း Mineski အသင်းက ချန်ပီယံဖြစ်ခဲ့ဖူးပါသေးတယ်။ TNC အသင်းဟာတာထွက်ကောင်းနေတယ်ဆိုပေမယ့် ရှေ့မှာ Newbee လို Major ပြိုင်ပွဲတစ်ခုအနိုင်ရပြီးနောက်ပိုင်း လက်စွမ်းအဆမတန်ထိုးကျသွားတဲ့အသင်းမျိုးရှိတာကြောင့် TNC အနေနဲ့လက်စွမ်းကောင်းတွေကို ဘယ်အချိန်အထိ ထိန်းထားနိုင်မလဲဆိုတာကို ထပ်မံစောင့်ကြည့်ရမှာပါ။ ဘာပဲပြောပြော လောလောဆယ်မှာတော့ Major တစ်ခု ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် TNC အသင်းကို လက်ခုပ်သံတွေနဲ့ဂုဏ်ပြုရမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က