ရွှေပိုးအိမ်က ဘာသာရေးကို ကြိုးကြိုးစားစားလုပ်ဖြစ်နေတဲ့ အကြောင်းကို ပြောပြလာပါတယ်။ မသေခင်မှာ ကောင်းတာလေးတွေ လုပ်သွားချင်တာကတော့ သူမရဲ့ ဆန္ဒပါတဲ့။
Photo: Shwe Poe Eain
ပရိသတ်အချစ်တော် မင်းသမီးချောလေး ရွှေပိုးအိမ်က ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ မိသားစုဝင်တွေနဲ့အတူ မကြာခဏ အဓိဌာန် ဝင်ဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။
‘’ အဓိဌာန်ကတော့ ရွှေပိုး အမြဲတမ်းမဝင်ဖြစ်ဘူး၊ ၄လ ၊ ၅ လ၊ ၆ လ လောက်နေမှ တစ်ခါဝင်ဖြစ်တယ်။ အဓိက ကတော့ ရွှေပိုး အစ်မနဲ့အတူတူသွားဝင်ဖြစ်တာပေါ့နော်။ ဟိုတစ်လောကတော့ ရွှေပိုး တူလေး ကိုယ်ရင်ဝတ်တော့ ကျောင်းမှာ သွားစောင့်ပေးရင်းနဲ့ ဝင်ဖြစ်လိုက်တာပါ။ ရွှေပိုးက အိမ်မှာနေရင် ဘုရား၊ တရား သိပ်မလုပ်ဖြစ်ဘူး၊ ပုတီးလည်း မစိပ်ဖြစ်ဘူး။ ဘုန်းဘုန်းကျောင်းရောက်သွားတော့မှပဲ ပုတီးစိပ် ဘုရားရှိခိုးဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။
Photo: Shwe Poe Eain
အဲဒီနောက် ဘာသာရေးကို ကိုယ်တိုင် ကြိုးကြိုးစားစားလုပ်ဖြစ်တဲ့အကြောင်းကိုလည်း ရွှေပိုးအိမ်က ဆက်လက်ပြောပြလာပါတယ်။ မသေခင် ကောင်းတာလေးတွေ လုပ်သွားချင်တယ်လို့ ပြဿနာရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: Shwe Poe Eain
ရွှေပိုးအိမ်ဟာ သူမကို ချစ်ခင်အားပေးကြတဲ့ အမာခံ ပရိသတ်လေးတွေနဲ့အတူ မကြာခဏ အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ပိုက်ဆံတွေ စုနေကြတုန်းပဲလို့ သိရပါတယ်။
‘’Fan နဲ့အတူတူ အလှူလုပ်ဖို့တော့ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ချမ်းသာတဲ့သူတွေ မဟုတ်ကြတော့ မုန့်ဖိုးလေးတွေ စုပြီးတော့ လှူကြတာဆိုတော့ စဉ်းစားထားတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မလုပ်ဖြစ်သေးဘူး။ ရွှေပိုးလည်း ပြည့်စုံတဲ့သူတစ်ယောက် မဟုတ်တော့ မုန့်ဖိုးလေးတွေထဲက ဖဲ့ပြီးစုရတာမျိုးရှိတယ်။ သူတို့လေးတွေကလည်း အလုပ်တွေလုပ်ပြီးမှရလာတဲ့ ပိုက်ဆံကို ခြွေတာပြီးမှ စုရတာဆိုတော့ စုပေါင်းပြီးတော့ အလှူလုပ်ဖို့ အစီအစဉ်တော့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Shwe Poe Eain
ရွှေပိုးအိမ်(Shwe Poe Eain)ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာကနေ အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီး ကြုံခဲ့ရတဲ့သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။